
ဘိုကလေးမြို့တွင် ရိုဟင်ဂျာ ၅၈ ဦး ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံရ
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ဘိုကလေး)၊ စက်တင်ဘာလ ၁၇ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ စက်တင်ဘာလ ဒုတိယပတ်က အထောက်မရှိလို့ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၅၈ ဦးကို စစ်ကောင်စီလက်အောက်ခံ ဘိုကလေးမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ထောင်ချခံရတဲ့အထဲက ရိုဟင်ဂျာအသက်မပြည့်သေးတဲ့ လူငယ် အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၂၄ ဦးကို ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
“ အားလုံး ၅၈ ဦးပေါ့ အဲ့အထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၁၅ ဦး အမျိုးသား ၉ ဦးကိုတော့ ငှက်အော်စမ်းကို ပို့လိုက်တယ်”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုသွားဖို့ မွေးရပ်မြေကို စွန့်ခွာလာချိန်မှာ ဩဂုတ်လ ၂၈ ရက်နေ့က စက်လှေပျက် လို့ ဖမ်းဆီးခံရတာဖြစ်ပြီး ၂ ပတ်အတွင်းမှာ ထောင်ချခံခဲ့ရတာလို့ ဆိုပါတယ်။
မွေးရပ်မြေစွန့်ခွာပြီးထွက်လာချိန်မှာ စက်လှေပျက်လို့ ထွက်လာသူ ၆၅ ဦးထဲက အမျိုးသား ၃ ဦး အမျိုးသမီး ၃ ဦးစက်လှေပေါ်မှာ သေဆုံးခဲ့သလို ဖမ်းဆီးခံရချိန်မှာလည်း ၁ ဦးထပ်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေ ထံက သိရပါတယ်။
#Ayeyarwaddy_Times