ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်
မြန်မာစာပေလောကတွင် ဘာသာပြန်စာပေများကို အင်္ဂလိပ်ဘာသာမှ အများဆုံး ပြန်ဆိုနေချိန်တွင် ဂျပန်စာပေလက်ရာများကို ဂျပန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုကာ မြန်မာစာဖတ်ပရိသတ်ထံ အများဆုံး မိတ်ဆက်ပေးခဲ့သူ အမျိုးသားစာပေဆုရ စာရေးဆရာ ရဲမြလွင်သည် ယနေ့ ဩဂုတ် ၂၅ ရက်က ကွယ်လွန်သွားကြောင်း သိရသည်။
ဘာသာပြန်စာရေးဆရာ ရဲမြလွင် (ခေါ်) ဦးရဲလွင် အသက် (၇၇) နှစ် သည် ယနေ့ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်ပြီး လာမည့် ဩဂုတ် ၂၇ ရက်တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။

ဂျပန်စာရေးဆရာ နာဆုမဲ ဆောဆဲကီ၏ “ဘော့ကျန်” စာအုပ်သည် ဆရာရဲမြလွင်၏ ဂျပန်ဘာသာမှ မြန်မာသို့ တိုက်ရိုက်ပြန်ဆိုခဲ့သည့် ပထမဆုံး ဘာသာပြန်စာအုပ်ဖြစ်ပြီး ယင်းစာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန်) ရရှိခဲ့သည်။
ဆရာ ရဲမြလွင်သည် နိုဘယ်လ်စာပေဆုရ ဂျပန်စာရေးဆရာကြီး ယဆုနရိ ကဝဘတ (Yasunari Kawabata) ၏ စာအုပ်များ အပါအဝင် ဟာရုကိ မူရာကာမိ၊ နာဆုမဲ ဆောဆဲကီ တို့၏ ထင်ရှားသော စာအုပ်ပေါင်း ၇၀ ကျော်ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သူဖြစ်သည်။

ထို့ပြင် မူရာကာမိ၏ နာမည်ကျော် ဝတ္ထုများဖြစ်ကြသည့် “Norwegian Wood” ကို “နော်ဝေးပြည်မှ စုံတောမြိုင်” နှင့် “Kafka on the Shore” ကို “သဲငွေသောင်မှ ကက်ဖ်ကာ” အမည်များဖြင့် ဘာသာပြန်ဆိုခဲ့သည်။
ကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာရဲမြလွင်သည် ၁၉၈၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ အစိုးရပညာတော်သင် အဖြစ် စေလွှတ်ခံရပြီးနောက် ဂျပန်စာပေများကို မြန်မာစာဖတ်ပရိသတ်ထံ တိုက်ရိုက် ဘာသာပြန်ဆို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်/ ကောင်းသောမီဒီယာ