ဧရာဝတီတိုင်းမ်
သြဂုတ် ၂၀ ရက်
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်အတွင်း လိုင်စင်မဲ့ တရားမဝင် ဘေးတွဲဆိုင်ကယ် အစီးရေ ၆၀၀ ကျော်အထိ ပြေးဆွဲနေခြင်းကြောင့် တရားဝင် မှတ်ပုံတင်ထားသည့် လူစီး၊ ကုန်တင် အနှေးယာဉ် ဆိုက်ကားလုပ်သားများ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံ ဆိုက်ကားလုပ်သားများထံမှ သိရသည်။
အဆိုပါ ဘေးတွဲဆိုင်ကယ်များသည် ဂိတ်တိုး ပြေးဆွဲခြင်း၊ ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် ခရီးသည်လုယူ ပြေးဆွဲခြင်းများ ပြုလုပ်နေပြီး အချို့သော ရပ်ကွက် ရွေးတုအစိုးရ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက လစဉ်ကြေး ရယူ၍ ပြေးဆွဲခွင့်ပြုထားကြောင်း ဒေသခံများက ဆိုသည်။
“အချို့က လစဉ်ကြေးယူပြီး ပြေးဆွဲခိုင်းနေတာကြောင့် ကျွန်တော်တို့ ဆိုက်ကားသမားတွေ စားဝတ်နေရေး လွန်စွာ ခက်ခဲနေပါတယ်။ အထက်ကို တိုင်ကြားပေမဲ့လည်း ဘာအရေးယူမှုမှ မရှိခဲ့ပါဘူး” ဟု အနှေးယာဉ်လုပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဘုရင့်နောင်ပွဲရုံ၊ ဘုရင့်နောင်လမ်းမကြီး၊ အောက်ဗဟိုလမ်း၊ အထက်ဗဟိုလမ်း၊ အင်းစိန်လမ်းနှင့် အောင်သိဒ္ဓိလမ်းမကြီးတို့တွင် လိုင် စင်မဲ့ ဘေးတွဲဆိုင်ကယ်များကြောင့် နေ့စဉ် လုယက်မှုများနှင့် အခြား မလိုလားအပ်သော ပြစ်မှုများပါ ဖြစ်ပွားလျက်ရှိကြောင်း အနှေးယာဉ်လုပ် သားများ၏ ပြောကြားချက်အရ သိရသည်။
သို့သော် အခြားတစ်ဖက်တွင် မြို့နယ်အတွင်း အနှေးယာဉ် ဆိုက်ကားများ မရှိသလောက် နည်းပါးသွားသဖြင့် ခရီးသွား ပြည်သူများမှာ ဘေးတွဲဆိုင်ကယ်များကိုသာ အားကိုး စီးနင်းနေရသည့် အခြေအနေ ဖြစ်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“ဆိုက်ကားတွေက မရှိသလောက် ဖြစ်နေပြီ။ ဆိုင်ကယ် ကယ်ရီ အစီးတစ်ရာမှာ ဆိုက်ကားတစ်စီးလောက်ပဲ ရှိတာ။ ကယ်ရီတွေ တရားမဝင်ဘူးဆိုပေမဲ့ စီးစရာ အဲဒါပဲ ရှိတာလေ။ သွားရင်းလာရင်း စီးစရာကြုံတဲ့အခါ ဆိုက်ကားရှိရင်တော့ ဦးစားပေး စီးဖြစ်ပါတယ်။ လူစီးများတဲ့ ဆိုင်ကယ် ကယ်ရီတွေကို စနစ်တကျ မှတ်ပုံတင်ခိုင်းလိုက်ရင် အုပ်ချုပ်ရေးမှူးတွေဆီ ပိုက်ဆံပေးစရာ မလိုတော့ဘူးပေါ့။ လူတွေလည်း အဆင်ပြေသွားမယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၈၅ (ခ) အရ မော်တော်ယာဉ်၏ မူလအမျိုးအမည်နှင့် ရုပ်သဏ္ဌာန် ပြင်ဆင်ခြင်းများကို တားမြစ်ထားပြီး ဖောက်ဖျက်ပါက ပုဒ်မ ၉၅ နှင့် ၉၆ တို့ဖြင့် အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
လက်ရှိတွင် နှစ်စဉ် အခွန်ငွေ ပေးဆောင်ပြီး တရားဝင် ပြေးဆွဲနေသည့် အနှေးယာဉ်လုပ်သားများမှာ မိသားစု စားဝတ်နေရေးနှင့် ကလေးများ၏ ပညာရေးစရိတ်များ အဆင်မပြေခြင်းကြောင့် ရွေးတုအစိုးရထံ တိုင် ကြားထားသော်လည်း ယနေ့အချိန်ထိ အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ ပေးပို့
ပုံစာ – တရားမဝင် ပြေးဆွဲနေသည့် ဘေးတွဲဆိုင်ကယ်များ