စစ်ကောင်စီတပ်က ကုလားမတောင်ထိပ်မှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးရေဒါစခန်းကို စစ်အင်အားတိုးချဲ့ချထား

ဧရာဝတီတိုင်းမ်

(ပေါင်)၊ စက်တင်ဘာလ ၁၆ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့အနီးကုလားမတောင်ထိပ်တွင်ရှိသည့် လေကြောင်းရန်ကာကွယ်ရေးရေဒါစခန်းကို စစ်ကောင်စီတပ်က စက်တင်ဘာဒုတိယအပတ်ကစတင်၍ စစ်အင်အားအများအပြားဖြည့်တင်းနေကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ လေကြောင်းရန်ရေဒါစခန်းတွင် ယခင်က အင် အား ၄၀ ခန့်သာရှိသော်လည်း လက်ရှိတွင်စစ်အင်အားအများအပြားရောက်ရှိဖြည့်တင်းထားကြောင်း ဒေသခံတဦးကပြောသည်။

ကုလားမတောင်ထိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးရေဒါစခန်းသည် တောင်ရှေ့ဆင်ရွာအခြေစိုက် အမှတ် ၄ လေကြောင်းရန်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( လစခ ၄ )တပ်မဌာနချုပ်၏ လက်အောက်ခံ စခန်းဖြစ်ပြီး ကုလားမတောင်တန်းတစ်လျှောက် ထိန်းချုပ်နိုင်ရန် အင်အားဖြည့်တင်းထားခြင်းဖြစ်ကြောင်း သိရသည်။

“အင်အားကတော့အတိအကျမသိရဘူး၊ ခုသူတို့ထပ်တိုးထားတယ်ဆိုတာ‌သေချာတယ်၊ အရင်ကတော့ ၄ဝ ဝန်းကျင်ရှိတယ်၊ ခုက ၂ ဆလောက်ချထားတယ်လို့ခန့်မှန်းလို့ရတယ်။ သူတို့စခန်းအတိုက်ခံရမှာစိုးလို့ထင်တယ်။ တောင်ပေါ်ကိုလည်း PDF ရှိတယ်ဆိုပြီးခနခနရှာတယ်။ အဲ့စခန်းက တပ်မ လစခ ၄ လက်အောက်ကဘဲ။ ဒီနားမှာဘဲ

လေကြောင်းရန်ကာကွယ်ရေးတပ်တခုရှိသေးတယ်။ ည ၁၀ နာရီလောက်တို တောင်ရှေ့ရွာတွေဘက်မှာ ပတ်ကင်းလှည့်‌‌တာရှိတယ်၊ တခါတလေဆို သေနတ်ဖောက်ပြီး ခြောက်လှန့်တာတွေပါလုပ်လာတယ်” ဟု ဇင်းကျိုက်ဒေသခံအမျိုးသား ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပေါင်မြို့နယ်တွင် အမှတ် ၄ လေကြောင်းရန်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( လစခ ၄) နှင့် အမှတ် ၁၀၀၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း(လကတ ၁၀၀၇) တပ်ရင်း တို့အခြေစိုက်ရှိကြောင်းသိရပြီး လစခ ၄ တပ်မမှူးမှာ ဗိုလ်မှူးကြီး ဖြိုးဝေထွန်းဆိုသူဖြစ်ပြီး လကတ ၁၀၀၇ တပ်ရင်းမှူးမှာ ဒု-ဗိုလ်မှူးကြီး ဟိန်းညီဇော်ဆိုသူဖြစ်ကာ ဗိုလ်မှူးကြီး ဖြိုးဝေထွန်းသည်

ပေါင်မြို့နယ်ကိုအဓိကစီမံကွပ်ကဲနေသူဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်များသည် လေကြောင်းကာကွယ်‌ရေးရေဒါစခန်း အပြင် ကုလားမတောင်ကြောတစ်လျှောက် ထိန်းချုပ်နိုင်ရန်အတွက်ပါရည်ရွယ်ပြီး တပ်ဝန်းကျင်တွင်သာမက ပေါင်မြို့နယ်အနှံ့အပြား နေရာ ၁၀ ခုကျော်တွင် ကင်းပုန်းများချထားသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၉ ရက်နေ့တွင်လည်း ကုလားမတောင်ကြောတစ်လျှောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များရှိသည်ဟု ယူဆပြီး အင်းအား ၇၀ ကျော်ဖြင့် တောနင်းရှာဖွေမှုများလည်း ပြုလုပ်ခဲ့သေးကြောင်းသိရသည်။

#စစ်ကောင်စီ #ကုလားမတောင်ထိပ် #လေကြောင်းရန် #ကာကွယ်ရေးရေဒါစခန်း #စစ်အင်အား #တိုးချဲ့

#AyeyarwaddyTimes