နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် ၎င်း၏ အုပ်ချုပ်ရေးဆိုင်ရာ တရားဝင်မှုကို ပြသရန်နှင့် လေတပ်သုံး တိုက်ခိုက်ရေး လေယာဉ်၊ ရဟတ်ယာဉ်များအတွက် လိုအပ်သည့် အစိတ်အပိုင်းများ ဝယ်ယူနိုင်ရေးအတွက် ယနေ့ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ရုရှား နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ရွေးတုသမ္မတသည် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများကို ပစ်မှတ်ထား တိုက်ခိုက်ရာတွင် အသုံးပြုသည့် လေကြောင်းတိုက်ခိုက်ရေး နည်းပညာနှင့် စစ်လက်နက်ပစ္စည်းများ ပံ့ပိုးပေးနေသည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်မှတစ်ဆင့် ထွက်ခွာသွားခြင်း ဖြစ်သည်။

ယခု ခရီးစဉ်သည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အဖြစ် သွားရောက်ခဲ့ဖူးသော်လည်း ပြီးခဲ့သည့် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ အပြီး ရွေးတုသမ္မတအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်သည့် ရုရှားခရီးစဉ် ဖြစ်သည်။

ရွေးတုသမ္မတသည် ၎င်း၏ခရီးစဉ်အတွင်း ဩဂုတ် ၁၈ ရက်တွင် ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ပူတင်၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများနှင့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ပြင်ဆင်ထားသည်။

ထို့ပြင် ရုရှားနှင့် ဘီလာရုစ်ကဲ့သို့ မဟာမိတ်နိုင်ငံများ၏ ထောက်ခံမှုကို အသုံးချ၍ နိုင်ငံတကာတွင် အသိ အမှတ်ပြုခံရမှု နှင့် ၎င်း၏ အုပ်ချုပ်ရေး တရားဝင်မှုကို ပုံဖော်ရန်နှင့် ရုရှားထုတ် စစ်လေယာဉ်၊ ရဟတ်ယာဉ်များ ပြုပြင်မွမ်းမံရေး ပစ္စည်းများ ဝယ်ယူရန် ဦးတည်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တပ်မတော်သား CDM အရာရှိများက ဆိုသည်။

“သူ့ရဲ့ တရားဝင်မှုကို ပြတာရယ်၊ လေတပ်က ရုရှားထုတ် လေယာဉ်၊ ရဟတ်ယာဉ်တွေကို ပြုပြင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့က ရုရှား၊ ဘီလာရုစ် ဒီနိုင်ငံတွေကနေ ဝယ်မှပဲ အဆင်ပြေတာမို့ သွားတာဖြစ်တယ်။ စစ်ရေးအပေါ်တော့ အများကြီး ရိုက်ခတ်လာနိုင်စရာ မရှိပါဘူး” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ရုရှားသမ္မတ၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမား လွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားကာ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး အပါအဝင် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးမည်ဖြစ်သလို မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့လည်း ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။

“အခုက အခြားကိစ္စတွေထက် သူ့ကိုယ်သူ တရားဝင် သမ္မတပုံစံမျိုး ပုံဖော်နေတာပါ။ အသိအမှတ် ပြုခံရတဲ့ ပုံစံမျိုးနဲ့ သွားခြင်းဖြစ်တယ်။ အသိအမှတ်ပြုခံရတဲ့ နိုင်ငံတွေကလည်း ရုရှား၊ ဘီလာရုစ်နဲ့ နိုင်ငံတချို့ပဲ ရှိပါတယ်။ နည်းပညာ၊ စစ်လက်နက်ပစ္စည်း စတာတွေတော့ ဝယ်ယူနိုင်တယ်” ဟု လုပ်သက်ရင့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ်အချို့ လက် မှတ်ရေးထိုးမည်ဖြစ်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမည်ဟု သိရသည်။ ထို့ပြင် ရွေးတုသမ္မတသည် ၇ ရက်ကြာမြင့်မည့် အဆိုပါ ခရီးစဉ်အတွင်း ဘီလာရုစ်နှင့် ကာဇက်စတန် အပါအဝင် ဆိုဗီယက် အဖွဲ့ဝင်ဟောင်း နိုင်ငံအချို့သို့လည်း ဆက်လက် သွားရောက်ဖွယ် ရှိသည်။

ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလမှစ၍ ဩဂုတ် ၇ ရက်အထိ ၎င်းကို အသိ အမှတ်ပြုသည့် အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကို သွားရောက်ခဲ့သော်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကမူ တရားမဝင် ရွေးတုသမ္မတ အဖြစ်သာ ပုံဖော်ထားသည်။

ဓာတ်ပုံ – ပုံဟောင်း