နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နှင့် မကွေးတိုင်းရှိ ပေါက်၊ မြိုင်၊ ယောဒေသတို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် ရွေးတုအစိုးရတပ်က စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ အပြင် အင်အားဖြည့်တင်းရန် ပြင်ဆင်နေကြောင်း တပ်မတော်သား CDM အရာရှိများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ခုခံတော်လှန်မှု အားကောင်းသည့် ထိုဒေသများကို စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ထပ်မံကြေညာကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း အထိနာစစ်ရှုံးနေသဖြင့် ရွေးတုအစိုးရတပ်က ကျေးရွာ များကို စစ် ကြောင်းထိုး မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

“အင်အားဖြည့်ဖို့ ပြင်နေတာက စက်တင်ဘာမတိုင်ခင် တပ်တွေရောက်မယ်လို့ ခန့်မှန်းရတယ်။ ယောဆောဘက်မှာတော့ စစ်တပ် အထိနာနေဆဲပဲဗျ။ ရေနံမှော်ဘက်ကတော့ နောက်ထပ် တပ်မ ၁၀၁ ရောက်မလာရင် စစ်တပ်ဘက်က တောင့်ခံနိုင်ပါ့မလားပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အာဏာသိမ်း ရွေးတုအစိုးရသည် မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမ- ၁၀၁) အတွင်း အင်အားစုဖွဲ့ ပြင်ဆင်နေပြီး ယင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပေါက်၊ မြိုင်နှင့် ယောဒေသတို့ကို အဓိကထား၍ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ စစ်ရေးအရ အရေးပါလှသည့် အင်းတော်မြို့တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ တစ်ကျော့ပြန် တိုက်ခိုက်မှုများကြောင့် ရွေးတု အစိုးရတပ်မှာ အချက်အချာကျသည့် လမ်းကြောင်းများ မပြတ်တောက်စေရန် အသည်းအသန် ကြိုးပမ်းနေရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ယာကြီးပြင်ရွာ အပါအဝင် ကျေးရွာအများအပြားကို ရွေးတု အစိုးရတပ်က စစ်ကြောင်းထိုး မီးရှို့နေသလို လေကြောင်းမှလည်း အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေသဖြင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“မြိုင်နဲ့ ပေါက်က ရွေးကောက်ပွဲတောင် မလုပ်နိုင်တဲ့ နယ်မြေတွေမို့ အငြိုးထားနေတာဗျ။ အထိနာ တာထက် ပြည်သူအားလုံးကို တော်လှန်ရေး အားပေးသူတွေလို့ ရှုမြင်ပြီး အကြမ်းဖက်တဲ့ ပုံမျိုးပါ။ ရဟတ်ယာဉ်တစ်စီးပါ ပျက်ထားတာဆိုတော့ အငြိုးနဲ့ လုပ်နေတဲ့ ပုံစံပါပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

လက်ရှိတွင် ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေသည့်အပြင် ပေါက်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များထံ လောင်စာဆီ စီးဆင်းရာ ရေနံမှော်ဒေသများကို ပြန်လည်ရရှိရေးအတွက် ရွေးတုအစိုးရတပ်က ဗျူဟာခင်း၍ ထိုးစစ်ဆင်လာနိုင်ကြောင်း CDM အရာရှိများက သုံးသပ်ထောက် ပြထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်