ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

 

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ကို ကာထားသော တာကျိုးသွားသည့်နေရာတွင် ရေများထပ်မံဝင်ရောက်မှုမဖြစ်စေရေးအတွက် ရေတားလမ်းနှင့် သဲအိတ်ချပြီးပြုပြင်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

လက်ရှိတွင် လေးမျက်နှာမြို့အပြင် အိုင်သပြုတွင် ရေလွှမ်းမိုးလျက်ရှိနေကာ ငါးသိုင်းချောင်းမြို့သို့ ရေများဝင်ရောက်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ထို့ပြင်လက်ရှိ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁၁၅၄ စင်တီမီတာရှိကာ စိုးရိမ်ရေမှတ်သည် ၁၁၆၀ စင်တီမီတာဖြစ်၍ စိုးရိမ်ရေမှတ်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

 

အဆိုပါရေများသည် ငါးသိုင်းချောင်းမြို့နယ်သို့ ၂၄ နာရီနောက်ပိုင်း ရောက်ရှိလာနိုင်သဖြင့် ကြိုတင်ပြင်ဆင် စောင့်ဆိုင်းနေကြောင်း ငါးသိုင်းချောင်း ဒေသခံများထံက သိရသည်။

“ရေဘေးရော စစ်ဘေးရောခံရတယ်။ ရေတက်လာရင် ဘုန်းကြီးကျောင်းအမြင့်မှာ သွားနေဖို့လုပ်ထားတယ်။အထုပ်အပိုးတွေပြင်ပြီးပြီ “ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်းကိုပြောသည်။

 

လက်ရှိတွင်လေးမျက်နှာမြို့နှင့် အိုင်သပြုတွင် လူမှုကူညီရေးအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး စက်သုံးဆီ၊ ကယ်ဆယ်ရေးပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

ဇူလိုင် ၃၀ ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် ၂၅/၃ အမှတ်မှ အလျားပေ ၅၀ ခန့် တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ရေလွှမ်းမိုးလျက်ရှိသည်။

ဓာတ်ပုံ – MFS