ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

 

ငဝန်မြစ်ထိန်းတာအလျား ပေ ၅၀ ခန့်ကျိုးကျသွားသောကြောင့် လေးမျက်နှာမြို့ ရေလွှမ်းမိုးသွားရာ မြို့အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်နေပြီး စက်သုံးဆီလိုအပ်နေကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သတင်းရရှိသည်။

 

လက်ရှိတွင်မြို့အတွင်းပိတ်မိနေသူများကို အင်တိုက်အားတိုက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကာ စက်သုံးဆီ၊ လှေသုံးပစ္စည်းများအပါအဝင်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများလည်း လိုအပ်နေကြောင်းသိရသည်။

 

တာကျိုးမှုကြောင့် မြို့အတွင်းရေစီးဆင်းမှု ပိုမိုမြန်လာကာ လေးမျက်နှာကနေ လေးမိုင်အကွာအဝေးရှိသော အိုင်သပြုသို့ရေလွှမ်းမိုးလာရာ ကားလမ်းဘေး ပတ်ဝန်းကျင်နေအိမ်များအတွင်းသို့ ရေများပြည့်လျှံနေပြီဖြစ်ကြောင်း စေတနာပန်းခင်းဆရာတော်၏ မိန့်ကြားချက်အရသိရသည်။

“ လေးမျက်နှာမှာ ရေပတ်လည်ဝိုင်းနေပြီ။ မြို့ပေါ်ရော ရွာတွေမှာရော ရေများနေပြီ။ အခြားနေရာတွေနဲ့မတူဘူး။ အခုဆို ခမောင်းနဲ့အိုင်သပြုသွားတဲ့လမ်းဆိုလမ်းဘေးအိမ်တွေမှာရေအကုန်ဝင်ကုန်ပြီ။ ကားလမ်းဆို ဒီမနက်မှာ အိုင်သပြုစာသင်ကျောင်းရဲ့ ဟိုးဘက်တစ်လျှောက်လမ်းဆုံကနေ လေးမျက်နှာလမ်းပေါ်ရေမြုပ်နေပြီ။ ကူညီကယ်ရေးလိုအပ်တယ်။ အခုလိုအပ်တာ စက်လှေ၊ လှေ မော်တော်လိုအပ်တယ်။ရွေ့နေပြောင်းဖို့။ အိုင်သပြုမှာ မနေ့က ရေမရောက်သေး။ ဒီနေ့ရေရောက်နေပြီ။ရေစီးသန်တယ်။ အခုဆိုအမြင့်ဘက်ရောက်တဲ့ မရမ်းဘက်ခြမ်းပဲကျန်တော့တယ်” ဟု ဆရာတော်က ဆိုသည်။

 

လက်ရှိတွင် လူနှင့် တိရစ္တာန်များ ရွှေ့ပြောင်းရေးအတွက် ယာဉ်လိုအပ်နေကာ စားရေးသောက်ရေးအတွက် ထမင်းထုပ်များလည်းလိုအပ်လျက်ရှိပြီး ရေ‌ဘေးအခြေအနေစိုးရိမ်ရကြောင်းသိရသည်။

 

ရန်ကုန်မြို့မှအဖွဲ့အပါဝင် လူမှုကူညီရေးအဖွဲ့အစည်းများလည်း ကူညီကယ်ဆယ်နိုင်ရေးအတွက် ရောက်ရှိ‌နေကြောင်း လူမှုကူညီရေး အဖွဲ့တစ်ခုထံမှ သိရသည်။

ထို့ပြင် Yangon Rescue Organization (YRO) နာယက ဥက္ကဋ္ဌ ဆရာတာ်ဦးပညာသာရထံနှင့် လူမှုကူညီရေးအဖွဲ့အစည်းများထံ အများပြည်သူများကလည်း ရေဘေးကူညီငွေ လှူဒါန်း လျက်ရှိကြောင်း သိရသည်။

 

လေးမျက်နှာမြို့ပေါ်ရှိ အမှတ် ၁ မှ ၅ ရပ်ကွက်အပါအဝင် ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း ရေဝင်ရောက် ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ ၁၃၂၀ ၊ အိမ်ထောင်စု ၁၃၃၃စုမှ လူဦးရေ ၆၇၄၇ ဦးခြောက်ထောင်ကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။

 

ဇူလိုင် ၃၀ ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် ၂၅/၃ သည် အလျား ၅၀ ပေခန့်ကျိုးပေါက်သွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကူညီရေးအသင်းအဖွဲ့