ဧရာဝတီတိုင်းမ်
(လောင်းလုံ)၊ သြဂုတ် ၁ ရက်
တနသ်ာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီး တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ဌာနတွင်း သတင်းပေးချက်အရ ထားဝယ်မြို့နယ်၊အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး ဖြိုးစံ (ကပ-၂၇၁၈)ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဒု-အကောက်ခွန်မှူးဖြိုးစံကို ဌာနတွင်း အတွင်းသတင်းပေးချက်အရ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့တွင် ရှောင်တခင်ဖမ်းဆီးခဲ့ရာ လက်ရှိတွင် ထိန်းသိမ်းထားပြီး လူ့အခွင့်အရေးနှင့်အညီ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
စစ်ဆေးချက်များအရ ၎င်းသည် ထားဝယ် ရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့ တူးဖော်ရေး အခြေအနေများနှင့် စက်ပစ္စည်းများကို စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်။

“သူက အကောက်ခွန် ဒု/ဦးစီးမှုးဆိုတော့ ထားဝယ်ရေနက်ဆိပ်ကမ်းဖက် စာရင်းလာစစ်ရင်းနဲ့မိတာပါ။ စီမံကိန်းက ရုရှားနဲ့ စီးပွားရေးပေါင်းပြီဆိုတော့ သူတို့ လမ်းအရင်စပြင်နေပြီ” ဟု နည်းဗျူဟာ၃၃ စစ်ဆင်ရေးမှုး ရဲဘော်စောဒါးကို ကဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖြိုးစံဖမ်းဆီးခံရပြီးနောက် စပ်တပ်ကစစ်ကြောင်းထိုးမှုများလည်းပြုလုပ်နေပြီး ၎င်းတို့ထားဝယ်အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဦးစီးမှူး တင်မောင်လင်း ဆိုသူမှာလည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဌာနတွင်းလုပ်ပိုင်ခွင့်ထက် ကျော်လွန်၍ အကျင့်ပျက်ခြစားမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ဦးစီးမှုးက ပိုတောင်ဆိုးတယ်လို့သိရတယ်။ ဆိုတာတော့ သူတို့ဌာနက ဝန်ထမ်းတချို့ပြောတာ အဂတိတော်တော်များတယ်။ ပြီးတော့ လက်အောက်ငယ်သားတွေကို အနိုင်ကျင့်တာ ပြည်သူတွေအပေါ်စော်ကားတာတွေများတယ်” ဟု ရဲဘော်စောဒါးကိုက ဆက်လက်ပြောသည်။
ဖြိုးစံအား ဖမ်းဆီးမှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ အမှတ် (၈၀၀၃) တပ်ရင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တပ်သည် တနင်္သာရီဒေသအတွင်း ပြည်သူများအပေါ် နေ့စဉ်လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုး၍ ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကိုခြိမ်းခြောက်လုယူခြင်းနှင့် ပြည်သူများကို ခေါင်းဖြတ်သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်မှုများကိုပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ – နည်းဗျူဟာ ၃၃