ဧရာဝတီတိုင်းမ်
သြဂုတ် ၁ ရက်

 

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်အတွင်း ပျောက်ဆုံးနေသည့် ရုရှားမောင်နှမနှစ်ဦးမှာ သတ်ဖြတ်ခံထားရခြင်းဖြစ်ကာ လူသတ်မှုသံသယရှိသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

 

သံသယတရားခံ အသက် ၄၃ နှစ်အရွယ် Thanana နှင့် အသက် ၃၉ နှစ်အရွယ် Thongchai တို့ကို ချွန်ပူရီ၊ ပတ္တယားမှ ဝေးကွာသည့် Sa Kaeo ခရိုင်တွင်ဖမ်းမိခဲ့ခြင်းဖြစ်ကာ ၎င်းတို့ထွက်ဆိုချက်များအရ Thanana ကသတ်ဖြတ်ခဲ့ခြင်းဖြစ်ကာ Thongchai ကအလောင်းဖျောက်ဖျက်ရန်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့တွင် ပတ္တယားဒေသတွင် အသက် ၂၂ နှစ်အရွယ် ဒိုင်ယာနာ နာဇီမိုဗာ နှင့် အသက် ၁၇ နှစ်အရွယ် ရိုမန်နာဇီမို့ဗာအမည်ရှိ ရုရှား မောင်နှမ နှစ်ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့် ပျောက်ဆုံးသွားခဲ့ပြီးနောက် သတ်ခံခဲ့ရခြင်းဖြစ်သည်။

 

သံသယတရားခံများက အဆိုပါရုရှားမောင်နှမ၏ ဆိုင်ကယ်ကို လုရန်ကြိုးစားခဲ့ပြီးနောက် မောင်ဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်ကာ အမဖြစ်သူကိုရိုက်သတ်ခဲ့ပြီးအလောင်းများကိုတစ်နေရာ၊ ဆိုင်ကယ်ကို တစ်နေရာ မြုပ်နှံခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

 

ထို့ပြင် ၎င်းတို့ကမူးယစ်ဆေးသုံးစွဲထားသည့်အတွက် သေသေချာချာမစဉ်းစားနိုင်ကြောင်းလည်းထွက်ဆိုထားပြီး ရဲတပ်ဖွဲ့ဝင်များကမူ ထွက်ဆိုချက်များကို အပြည့်အဝယုံကြည်ခြင်းမရှိသေးဘဲ စစ်ဆေးမေးမြန်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

ကိုးကား – Bangkok Post