ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

 

အရှေ့တောင်အာရှဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေကို ပြင်းထန် တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်အရေးယူလိုက်ကြောင်း ထုတ်ပြန် လိုက်ပါတယ်။

 

ဒီအရေးယူမှုမှာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၇ ဦးနဲ့ အဖွဲ့အစည်း ၃ ခု ပါဝင်ပြီး ၎င်းတို့ ဟာ လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိ ငွေကြေးလိမ်လည်မှုတွေ မှာ ပါဝင်နေတယ်လို့ ဥရောပသမဂ္ဂက စွပ်စွဲထားပါတယ်။

 

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ် မြဝတီနယ်စပ်ဒေသအပါအဝင် အရှေ့တောင်အာရှမှာ အခြေစိုက် တဲ့ တရုတ်ဒုစရိုက်ဂိုဏ်းတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါအပြီးမှာ ငွေလိမ်လုပ်ငန်းတွေကို အကြီးအကျယ် ချဲ့ထွင်လာခဲ့ကြတာပါ။

အွန်လိုင်းငွေလိမ်စခန်းတွေဟာ ကမ္ဘာတစ်ဝန်းက လူတွေကို ငွေကြေးလိမ်လည်ရုံတင်မက ရာနဲ့ ချီတဲ့ လူငယ်တွေကို အလုပ်အကိုင်အတုတွေနဲ့ လှည့်ဖျားခေါ်ယူကာ အဓမ္မ စေခိုင်းထားတာဖြစ်ပါတယ်။

 

အဆိုပါစခန်းတွေမှာ ပိတ်လှောင်ခံထားရသူတွေဟာ အကျဉ်းထောင်သဖွယ် နေထိုင်ရပြီး ရိုက် နှက်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးရွားစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးယူခံရတဲ့ အဖွဲ့အစည်းထဲမှာ မြဝတီနယ်စပ်ဒေသကို ထိန်းချုပ် ထားပြီး ဒုစရိုက်လုပ်ငန်းတွေကို ကာကွယ်ပေးထားတဲ့ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် (DKBA) ပါ ဝင်ပါတယ်။

DKBA စစ်ဦးစီးချုပ် စောစန်းအောင်၊ ဗဟိုစီးပွားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် စောကျော်လှနဲ့ Deeko Park ကျားဖြန့်စခန်းကို ဦးစီးနေသူ ဗိုလ်မှူးကြီး စောဧအယ်ထူး အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၄ ဦးကို ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

 

DKBA ဟာ ထိန်းချုပ်နယ်မြေမှာ ကျားဖြန့်စခန်းတွေကို လုံခြုံရေးယူပေးထားရုံတင်မကဘဲ ပိတ် လှောင်ခံထားရတဲ့ အလုပ်သမားတွေအပေါ် အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ ဥရောပသမဂ္ဂက ပြော ပါတယ်။

 

ကမ္ဘောဒီးယားနဲ့ မြန်မာမှာ အမည်ခံကုမ္ပဏီပေါင်းများစွာနဲ့ ကျားဖြန့်စခန်းတွေ ထူထောင်ထားတဲ့ Prince Holding Group နဲ့ Jin Bei Group တို့လို စီးပွားရေးလုပ်ငန်းတွေကိုလည်း ဥရောပသမဂ္ဂက ဒဏ် ခတ်အရေးယူခဲ့ပါတယ်။

 

ဥရောပသမဂ္ဂဟာ အရှေ့တောင်အာရှက ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဆက်စပ်သူတွေကိုလည်း ယခင်က ဒဏ် ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

 

ကိုးကား – The Diplomat
Ref; EU Announces New Sanctions Targeting Southeast Asia-Based Online Scam Networks