ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီးငဝန်ရေကာတာ တာမိုင် ၂၅/၃ တာကျိုးပေါက်မှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်များ အပါအဝင် ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း ရေဝင်ရောက် လွှမ်းမိုးမှုကြောင့် လူဦးရေ ခြောက်ထောင် (၆၀,၀၀) ကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ရကြောင်း သတင်းရရှိသည်။
အဆိုပါတာကျိုးမှုကြောင့် အမှတ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) ရပ်ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်းတန်းကျေးရွာများနှင့် သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခြံကုန်းကျေးရွာများထံ ရေဝင်ရောက်လျက်ရှိကာ အိမ်ခြေ ၁၃၂၀ ၊ အိမ်ထောင်စု ၁၃၃၃စုမှ လူဦးရေ ၆၇၄၇ ဦးဘေးလွတ်ရာပြောင်းရွှေ့ရခြင်းဖြစ်သည်။

ထို့ပြင် လေးမျက်နှာမြို့ က္ကုစ္ဆာသယကျောင်းတိုက်တွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး ရေဘေး သင့်ပြည်သူများကို ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အကူအညီများဆက်လက်ပံ့ပိုး ပေးမည်ဖြစ်ကြောင်းသိရသည်။
ငဝန်မြစ်ရေကာတာ တာမိုင်အမှတ် ၂၅/၃ တွင် အလျား ၅၀ ပေအကျယ်ခန့်တာကျိုးသွားသဖြင့် မြို့အတွင်းရေလွှမ်းမိုးမှုကြောင့် အများပြည်သူများကိုဘေးလွတ်ရာရွှေ့ပြောင်းပေးရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့က ငဝန်မြစ်ရေကာတာတွင် သဲဗွက်တစ်ခုဖြစ်ပေါ်ကာ တာနိမ့်ဆင်းသွားသဖြင့်တုတ်ရိုက်ခြင်း၊ ကျောက်ချခြင်း၊ သဲမြေဖို့ကာသဲအိတ်စီနေစဉ်မှာပင် တာ၏ အလျား ၅၀ ခန့်အကျယ်တာကျိုးသွားခြင်း ဖြစ်ကြောင်းသိရသည်။