ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

 

မြေပြင်တွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ လာဘ်စားမှု၊ ဖမ်းဆီးငွေတောင်းခံမှုများနှင့် အဓမ္မ ငွေကြေးကောက်ခံသည့် အရောင်းအဝယ်ဈေးကွက်များ ကျယ်ပြန့်နေချိန်တွင် အဆိုပါ ဥပဒေကို ဆက်လက်ကျင့်သုံးသွားမည်ဟု ရွေးတုသမ္မတ မင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၃၁ ရက်တွင် ထပ်မံအတည်ပြု ပြောကြားလိုက်သည်။

 

ယနေ့ ပြုလုပ်သည့် ရွေးတုအစိုးရ၏ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၊ ရက် ၁၀၀ ပြည့် မိန့်ခွန်း၌ ၎င်းက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးစွမ်းပကား ရရှိဖို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမယ်” ဟု ရွေးတုသမ္မတ မင်းအောင်လှိုင်က ဆိုသည်။​ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၀ နှင့်အညီ ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရန်အတွက် စစ်တပ်၏ တိုက်စွမ်းအားအတွက် လိုအပ်သည့် အရင်းအမြစ်များကို ဆက်လက်ဖြည့်ဆည်းပေးမည်ဟုလည်း မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

ရွေးတုသမ္မတ၏ စစ်မှုထမ်းဥပဒေကြောင့် မြေပြင်တွင် တပ်သားသစ်စုဆောင်းရန် စစ်တပ်၏ အဓမ္မဖမ်းဆီးပေါ်တာဆွဲခြင်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၏ ငွေကြေးကောက်ခံ ကိုယ်ကျိုးရှာမှုများ၊ ဧည့်စာရင်းစစ်ဆေးကြောင်းပြကာ အဓမ္မဖမ်းဆီးပြီး ကျပ်သိန်း ၁၀၀ နှင့်အထက် ပြန်လည်တောင်းခံသည့် အရောင်းအဝယ်ဈေးကွက်များ အဓိက ပေါ်ပေါက်လျက်ရှိသည်။

 

ယင်းကဲ့သို့ ဖိနှိပ်အကျပ်ကိုင်မှုများကြောင့် လူငယ်များမှာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြရသလို စက်ရုံ၊ အလုပ်ရုံများတွင်လည်း အလုပ်သမား ရှားပါးမှုပြဿနာများနှင့် မိဘများ၏ စိုးရိမ်ကြောင့်ကြမှုများ အရှိန် အဟုန်ဖြင့် မြင့်တက်လျက်ရှိသည်။

 

လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၆) အထိ အတင်းအဓမ္မ ခေါ်ယူဖွင့်လှစ်ထားပြီးဖြစ်ကာ အပမှတ်စဉ် (၂၄) အထိ သင်တန်းဆင်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။

 

ပုံစာ-စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၆) တက်ရောက်ရန် စုဆောင်းခြင်း ခံရသူများ၊