ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

​ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ တယ်ပင်ဆိပ်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းဟောင်းဖြစ်သူက ပြည်သူ့စစ်မှုထမ်းအ​ကြောင်းပြ၍ ငွေများတောင်းယူနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ စိတ်ပန်းကျေးရွာတွင် စစ်သားဟောင်းဖြစ်သူ ယာအိမ်မှူး ဦးကျော်စိုးဆိုသူသည် ကျေးရွာနေ ပြည်သူများထံက မတရား ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည့်အပြင် ကျေးရွာတွင်း တရားမဝင် လောင်းကစားဝိုင်းများနှင့် လိုင်စင်မဲ့ အရက်ဆိုင်များကိုပါ ခွင့်ပြုပေးထားကြောင်း ဒေသခံများကပြောသည်။

​”သူနဲ့ အဆင်ပြေတဲ့သူတွေကို အရက်ဆိုင်နဲ့ ဖဲဝိုင်းတွေ ပေါ်တင်လုပ်ခိုင်းထားတာ။ ရွာထဲမှာ အေးဆေးမနေရဘဲ စစ်မှုထမ်းဆိုပီးအကြောင်းပြ ဒေသခံတွေကိုတော့ မတရား ငွေတောင်းနေတာ မကြာခဏပါပဲ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

​၎င်းနှင့် နီးစပ်သည့် အရက်ဆိုင်များနှင့် ဖဲဝိုင်း လောင်းကစားဝိုင်း များကိုပါ တရားမဝင် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးထားပြီး ခေတ်အခြေနေအရ ကျေးရွာအတွင်း ခိုးဆိုးလုနှိုက်များပေါလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများကပြောသည်။

​အဆိုပါ ယာအိမ်မှူး ဦးကျော်စိုးမှ ပြည်သူ့ စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုနှင့် တရားမဝင် လောင်းကစားဝိုင်းများ ကျေးရွာအတွင်း ဖွင့်လှစ်ထားမှုကို မြို့နယ်သက်ဆိုင်ရာသို့ စာပို့တိုင်ကြားထားသော်လည်း ယနေ့ထိ အရေးယူဆောင်ရွက်မှုမရှိကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသည် ရွေးတုတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူမှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး အုပ်ချုပ်ရေးမှူးအများစု ကြွယ်ဝချမ်းသာနေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။