ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် PDFနှင့် KNUတို့ ကာကွယ်ထားသည့် ကျားဖြန့်လုပ်ငန်းကိုနှိမ်နင်းခဲ့သည်ဟု ပြောဆိုခြင်းမှာ လက်တွေ့တွင် DKBA စစ်ဦးစီးအရာရှိချုပ်ကြီးကြပ်နေသည့်နေရာသာဖြစ်ကြောင်း KNU ကထုတ်ပြန်ခဲ့သည်။

ရွေးတုအစိုးရသည် ကျောက်ခတ်ဒေသရှိ အွန်လိုင်းငွေလိမ်လောင်းကစားလုပ်ငန်းကို စီးနင်းဖမ်းဆီးခဲ့သည်ဆိုသော်လည်း အဆိုပါနေရာမှာကျောက်ခက်မှ ၃၆ မိုင်ကွာဝေးသည့် ဖလူးလေးဒေသဖြစ်ပြီး DKBA စစ်ဦးစီးအရာရှိချုပ်က ကြီးကြပ်နေကာ KK Park နှင့် ရွှေကုက္ကိုလ်တို့မှ ပြောင်းလာသည့်ကျားဖြန့်ခြံဝင်းများစွာအနက် တခုသာဖြစ်ကြောင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် ၎င်းတို့ထုတ်ပြန်ချက်တွင် ကျောက်ခတ်ရှိ ကျားဖြန့်စခန်းကို နှိမ်နင်းခြင်းဟု ဖော်ပြခြင်းမှာ နာမည်ဆိုးဖြင့်ကျော်ကြားပြီး နိုင်ငံတကာက အာရုံစိုက်အရေးယူရန်လိုအပ်နေသည့် ” ကျောက်ခက်ကျားဖြန့်ဝင်း” ကိုဝင်ရောက်နှိမ်နင်းခဲ့သယောင် ရေးသားထားခြင်းသာဖြစ်ကြောင်း KNU ကပြောဆိုခဲ့သည်။

နာမည်ကျော် ကျောက်ခက်ကျားဖြန့်ဝင်းမှာ ထိုင်းနယ်စပ်နှင့် ကပ်လျက်ရှိပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့ဒဏ်ခတ်ခြင်းခံထားရသူတစ်ဦးဖြစ်သည့် DKBAထိပ်တန်းအရာရှိဗိုလ်ချုပ်စောကျော်လှ၏ တိုက်ရိုက် ကြီးကြပ်မှုအောက်တွင်ရှိပြီး “Tai Chang” အွန်လိုင်းငွေလိမ်ခြံဝင်းကြီးဟု ဒေသတွင်းနှင့် နိုင်ငံတကာတွင် နာမည်ဆိုးဖြင့်ကျော်ကြားငည့် နေရာတစ်ခုဖြစ်သည်။

စစ်အုပ်စုနှင့်အပေါင်းပါများဖြစ်သည့် DKBA၊ BGF တပ်ဖွဲ့များသည် ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူများကို ကြိုတင်ဖယ်ရှားထားတာ ကျားဖြန့်ဝင်းများကို ဟန်ပြဝင်ရောက်စီးနင်းခြင်း၊ ရာဇဝတ်လုပ်ငန်းများတွင် စေခိုင်းခံရသူများကိုသာ ဖမ်းဆီးခြင်းတို ပြုလုပ်ပြပြီး ကျားဖြန့်လုပ်ငန်းများကို ကရင်ပြည်နယ်အနှံ့နှင့် အခြားဒေသများတွင်ပြန့်ပွါးသွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း KNU ကပြောဆိုထားသည်။

ထို့ပြင် အဆိုပါလိမ်လည်သူများမှာ KNUအုပ်ချုပ်နယ်မြေများတွင်ပင်လျှင် ပြည်သူများထံမှ မြေများကို အတင်းအဓမ္မဝယ်ယူခြင်းတို့ကို ပြုလုပ်နေသည့်အတွက် KNUထံတိုင်ကြားနိုင်ကြောင်းနှင့် KNU အနေဖြင့် ၎င်းတို့အုပ်ချုပ်နယ်မြေများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် အခြားဆက်စပ်သော ရာဇဝတ်မှုလုပ်ငန်းများကို လုံးဝသည်းခံမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အင်တာနက်