နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

အိမ်နီးချင်း တရုတ်အစိုးရ၏ ဖိအားပေးမှုများနှင့် အကျိုးစီးပွားဆိုင်ရာ ထိတွေ့ဆက်ဆံ ပူးပေါင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကို ရက် ၁၀၀ စီမံချက်အတွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးထားကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတမင်းအောင်လှိုင်က ဂုဏ်ယူဖွယ်ရာ ထည့်သွင်း ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီး ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်း ရွေးတုအစိုးရ တက်လာပြီးနောက် ချမှတ်ထားသည့် ရက် ၁၀၀ စီမံချက် ယနေ့ ဇူလိုင် ၃၁ ရက် တွင် ပြည့်မြောက် ခဲ့ခြင်းဖြစ်သည်။ ထိုအတွက် ရွေးတုသမ္မတ က ရွေးတုလွှတ်တော်အတွင်း အခြေပြမိန့်ခွန်း ပြောကြား ရာ၌ ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေဖို့အတွက် ငြိမ်းချမ်းရေး ရရှိရန်မှာ မဖြစ်မနေ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဥပဒေဘောင်အတွင်း ပြန်ဝင်ရောက်ဖို့နဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံနိုင်ဖို့ ဒီရက် ၁၀၀ အတွင်းမှာ အရှိန်အဟုန်နဲ့ လုပ်ခဲ့ပြီး ငြိမ်းချမ်းရေးတံခါးအား ထာဝရဖွင့်လှစ်ပြီး ဖိတ်ခေါ်ခဲ့တယ်” ဟု ရွေးတုသမ္မတက ပြောသည်။

ယင်းအပြင် ရွေးတုအစိုးရအနေဖြင့် ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်လှစ်ထားသည်ဆိုသော ခံယူချက် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များအား အမြဲဖိတ်ခေါ်နေသလို မည်သည့်ကြိုတင် ကန့်သတ်ချက်မှ မထားရှိဘဲ တွေ့ဆုံသွားရန်၊ လက်ရှိတွင် EAO (၁၃) ဖွဲ့ကို နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးထားရှိကြောင်း ၎င်းက ဆိုသည်။

ရွေးတုသမၐမတ ပြောဆိုသည့် ဆွေးနွေးပြီးဆိုသော EAO ၁၃ ဖွဲ့ထဲတွင် လက်ရှိတိုင် ၎င်းတို့ကို ခုခံတော်လှန်နေသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ကိုပါ ထည့်သွင်း ထားသည်။ ယခုနှစ် ဧပြီလအတွင်းက ယင်းဒေသအားရွေးတုအစိုးရစစ်တပ်က ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း တွေ့ဆုံမှု ရှိမရှိကိုမူ သိရှိရခြင်းမရှိသေးပေ။

သို့သော် ယခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားပြီး စစ်အာဏာ သိမ်းမှုကို ခုခံတော်လှန်ခြင်းမရှိသည့် အပစ်ရပ် လက်ကျန်အဖွဲ့အချို့အပြင် NCA ထိုးထားခြင်း မရှိသော်လည်း အကျိုးစီးပွားနှင့် တရုတ်အစိုးရ ဖိအားများကြောင့် ထိတွေ့ဆက်ဆံ နေကြသည့် အဖွဲ့အချို့မှာမူ ရွေးတုအစိုးရနှင့် တွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်

ထိုအနက်မှ အပစ်ရပ်အဖွဲ့အချို့မှာ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အမည်ခံ ခွဲထွက်အဖွဲ့တို့ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့များသည် အာဏာသိမ်း ရွေးတုအစိုးရနှင့် အကျိုးစီးပွားများအတွက် ထိတွေ့ဆက်ဆံ ပူးပေါင်းနေကြပြီး NCA ထိုးထားမှု မရှိသေးသော အဖွဲ့အချို့လည်း ထိုကဲ့သို့ လုပ်ဆောင်နေကာ ၎င်းတို့မှာ လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K) တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရုတ်အစိုးရ၏ ပိတ်ဆို့ဖိအားပေး၊ ကြားဝင်ကူညီမှုများကြောင့် ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်ဖွဲ့ထားသော မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့များ ဖြစ်ကြသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များနှင့်လည်း နေပြည်တော်၌ တွေ့ဆုံထားကြောင်း သိရသည်။

ရွေးတုအစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့ လာရောက်တွေ့ဆုံ ဆွေးနွေးကြသည့် FPNCC အဖွဲ့ဝင်များမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားတပ်ဖွဲ့ဟု လူသိ‌များသော အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ‘ဝ’ တပ်ဖွဲ့ UWSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ (၇) ဖွဲ့ဖြင့် စုဖွဲ့ထားရှိသည့် FPNCC အဖွဲ့ဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကမူ တွေ့ဆုံရန် ငြင်းဆိုထားပြီး တော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ (EROs) နည်းတူ ခုခံ တော်လှန်နေလျက်ရှိကြောင်း သိရသည်။

စစ်ရေးရှုံးနိမ့် အထိနာနေသော ရွေးတုအစိုးရသည် လက်လွှတ်လိုက်ရသော ဒေသများကို ပြန်လည် ရရှိရန် တရုတ်၊ ရုရှားအပါအဝင် နိုင်ငံတချို့၏ ထောက်ခံကူညီမှုများဖြင့် စစ်ရေးအရှိန်မြှင့် လုပ်ဆောင် နေသလို အရပ်သားများအား ပစ်မှတ်ထားကာ နိုင်ငံတဝန်း လေကြောင်းဗုံးကြဲနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်။

ထိုကဲ့သို့ ကျူးလွန်လုပ်နေသည့် ရွေးတုအစိုးရ၏ အပစ်အခတ်ရပ်စဲရေး အစီအမံများမှာ နိုင်ငံရေး အနှစ်သာရ ကင်းမဲ့နေပြီး အာဏာရှင်ဆန်သည့် ပဋိပက္ခစီမံခန့်ခွဲရေး၊ အတိုက်အခံအုပ်စုများ အကွဲကွဲ အပြားပြား ဖြစ်နေစေရေးနှင့် စစ်အုပ်ချုပ်မှု ခိုင်မာစေရေးဆီကို ဦးတည်နေကြောင်း မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ရွေးတုအစိုးရ