ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ တပ်ပြင်ဆင်ဖွဲ့စည်းမှုနှင့် စစ်ဒေသပြောင်းရွှေ့မိန့်အတိုင်း လိုက်ပါဆောင်ရွက်ခြင်းမရှိဘဲ တော်လှန်ရေးအဖွဲ့မှ နုတ်ထွက်သွားခဲ့သူ ကျားဖြူစစ်ကြောင်းမှူးဟောင်း စောကျော်သက်သည် စစ်တပ်နှင့် လက်တွဲထားသည့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) ထံသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများတွင် အကာအကွယ်ပေးထားမှုကြောင့် ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့အရေးယူမှုခံထားရသည့် DKBA သည် ဗိုလ်မှူးချုပ် စောကျော်သက်နှင့် အဖွဲ့ဝင် ၃၅၀ ခန့်ကို ပြန်လည်လက်ခံလိုက်ခြင်းဖြစ်ပြီး ၎င်းအား အမှတ် (၃) စစ်ကွပ်ကဲရေး၏ ကွပ်ကဲရေးမှူးတာဝန် ပေးအပ်လိုက်ကြောင်း ယနေ့ ဇူလိုင် ၃၁ ရက်တွင် DKBA က ထုတ်ပြန်ထားသည်။

စောကျော်သက်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပြန်လည်ပူးပေါင်းကာ နွေဦးတော်လှန်ရေးထဲသို့ ရောက်ရှိလာသူဖြစ်သည်။

ထို့နောက် စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်လာသည့် လူငယ်များနှင့်အတူ ကျားဖြူ စစ်ကြောင်း ကို ဖွဲ့စည်းခဲ့ပြီး NUG/MOD တောင်ပိုင်းတိုင်းတွင် ဗျူဟာမှူးတစ်ဦးအဖြစ် Justice Soldier တပ်ဖွဲ့အပါအဝင် အဖွဲ့များကို ကွပ်ကဲခဲ့သည်။

သို့သော်လည်း ၂၀၂၅ ခုနှစ်အတွင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက တပ်များ ပြန်လည်ဖွဲ့စည်းပြီး စစ်ဒေသပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ညွှန်ကြားသည့်အခါ စောကျော်သက် ကွပ်ကဲသည့် ကျားဖြူစစ်ကြောင်းသည် NUG ၏ ကွပ်ကဲမှုအောက်သို့ လိုက်ပါဝင်ရောက်ခြင်းမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။

ထိုသို့ တော်လှန်ရေးအဖွဲ့မှ လမ်းခွဲခဲ့ပြီးနောက် ယခုအခါ စောကျော်သက် ပြန်လည်ပူးပေါင်းလိုက်သည့် DKBA သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် ဒေသခံလက် နက်ကိုင်အဖွဲ့ ဖြစ်သည်။

ယမန်နေ့ကပင် EU ၏ ပိတ်ဆို့အရေးယူမှု ခံလိုက်ရသည့် DKBA ခေါင်းဆောင်များထဲတွင် စစ်တပ်ထံ လက်နက်အပ်ခဲ့ဖူးပြီးမှ DKBA စစ်ဦးစီးအရာရှိချုပ် ဖြစ်လာသူ စောဆန်းအောင်လည်း ပါဝင်သည်။

စောဆန်းအောင်နှင့် စောကျော်သက်တို့နှစ်ဦးလုံးမှာ ၂၀၁၅ ခုနှစ်က DKBA ၏ ထုတ်ပယ်ခြင်း ခံခဲ့ရသူများဖြစ်ပြီး ယခုအခါ NUG ကွပ်ကဲမှုအောက်သို့ ဝင်ရောက်ခြင်းမရှိဘဲ ထွက်ခွာလာသူ စောကျော်သက်မှာ စစ်တပ်နှင့် ပူးပေါင်းထားသည့် စောဆန်းအောင်တို့အဖွဲ့ထံသို့ ပြန်လည်ရောက် ရှိသွားခြင်းဖြစ်သည်။

ပုံစာ- စစ်ကြောင်းမှူးဟောင်း စောကျော်သက် အားတွေ့ရစဉ်။