ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ရက် ၁၀၀ အတွင်း ပြည်သူများ ရင်ဆိုင်နေရသော ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကိုပင် ထိန်းညှိ၊ ချုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း “အမျိုးသားမူဝါဒ” ဆိုသည်များကို ထပ်မံ ထုတ်ပြန်ခဲ့သည်။
ယနေ့ ဇူလိုင် ၃၁ ရက် တွင် ပြုလုပ်သည့် ရွေးတုအစိုးရ ရက် ၁၀၀ ပြည့် မိန့်ခွန်းတွင် ရွေးတုသမ္မတ မင်းအောင်လှိုင်က နိုင်ငံတော် တည်ငြိမ်ရေးနှင့် လူမှုစီးပွား မြှင့်တင်ရန်ဟု ဆိုကာ ကဏ္ဍစုံပါဝင်သည့် မူဝါဒ ၂၈ ချက်ကို အကောင်အထည်ဖော်မည်ဟု ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရွေးတုသမ္မတ၏ အဆိုပါ မိန့်ခွန်းတွင် ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်မည်ဟု ဆိုသော်လည်း လက်တွေ့တွင် ထိန်းချုပ်နိုင်ခြင်း မရှိဘဲ MSME လုပ်ငန်းများ ကူညီမည်၊ စက်သုံးဆီ ချွေတာရေး လျှပ်စစ်ယာဉ် (EV) များ ပြောင်းလဲသုံးစွဲမည် ဆိုသည့် ကြွေးကြော်ချက်များကိုသာ ထပ်မံ ထည့်သွင်းပြောဆိုထားသည်။
နိုင်ငံရေးနှင့် လုံခြုံရေးပိုင်းတွင် ပါတီစုံဒီမိုကရေစီ ခိုင်မာရေးနှင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ခေါင်းစဉ်အောက်၌ ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားမည်ဟု ဆိုသော်လည်း အခြားတစ်ဖက်တွင် ခေတ်မီတပ်မတော် တည်ဆောက်မည်ဟု ပြောဆိုခဲ့သည်။
ထို့အပြင် အလုပ်အကိုင် ဖန်တီးရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ မြှင့်တင်မည်၊ သန့်ရှင်းသော အစိုးရ ဖော်ဆောင်မည်ဟု ဆိုထားပြီး အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် မူးယစ်ဆေးဝါးများကို နှိမ်နင်းမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
လက်တွေ့ မြေပြင်တွင် အခြေခံ ကုန်ဈေးနှုန်းများ တဟုန်ထိုး တက်နေပြီး စီးပွားရေး ကျဆင်း နေသည်ကိုထိန်းချုပ်နိုင်ခြင်း မရှိသည့် စစ်ခေါင်းဆောင်က ဟန်ပြ မူဝါဒသစ်များကိုသာ ဆက်လက် ထုတ်ပြန်နေသည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။