ရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
မြို့ပြပြောက်ကျား (UG) အဖွဲ့များက ရန်ကုန်မြို့ပေါ် စစ်ဆင်ရေးများ အရှိန်ဟုန်မြှင့် ပြန်လည်စတင်တော့မည်ဟု သတိပေး ကြေညာခဲ့အပြီး ရက်ပိုင်းအတွင်းမှာပင် စစ်တပ်၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ရန်ကုန်ရှိနေအိမ် ပါဆယ်ချိန်ကိုက်ဗုံးဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။
လေချုပ်ဟောင်းမှ ကာကွယ် ရေးဝန်ကြီး ဖြစ်လာသူ ဗိုလ်ချုပ်ကြီးထွန်းအောင် ပိုင်ဆိုင်သည့် ကမာရွတ်မြို့ နယ်၊ သီရိမင်္ဂလာလမ်း၊ ခြံအမှတ် (၂၁/၂၂) နေအိမ်ဂိတ်သို့ ဇူလိုင် ၃၀ ရက် ညနေ လေး နာရီခန့်က ဇနီးဖြစ်သူအမည်ဖြင့် ပါဆယ်ဗုံး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ပါဆယ်ဗုံး ရောက်ရှိလာပြီး ၁၅ မိနစ်အကြာတွင် စစ်တပ်မှ DC မော်တော်ယာဉ် လေးစီးဖြင့် ရောက်ရှိလာကာ အဆိုပါလမ်းအား ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ် ၍ ချိန်ကိုက်ဗုံးကို အသက်မဲ့အောင် ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အဆိုပါ နေအိမ်တွင် အစောင့်နှင့် ဆွေမျိုးအချို့သာ ရှိနေပြီး ဗိုလ်ချုပ်ကြီးထွန်းအောင်သည် လက်ရှိတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးချုပ်အနီး အဆင့်မြင့်အိမ်ရာ၌ နေထိုင်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အရပ်သားများ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် ပဇီကြီး၊ အနန့်ပါ၊ လက်ယက်ကုန်း အပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးမှုများခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကြီးများ၏ အဓိက တာဝန်ရှိသူတစ်ဦး ဖြစ်သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တပ်ဘက်မှ သတင်းအမှောင်ချထားပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က အင်းစိန်ရဲစခန်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင် အတော်အတန် ငြိမ်သက်နေသည့် မြို့ပြပြောက်ကျား စစ်ဆင်ရေးများကို ပြန်လည်စတင်လိုက်ခြင်းဖြစ်ပြီး ရဲဘော်များ ပြန်လည်စုစည်းကာ စစ်ဆင်ရေးများကို ဆက်တိုက်ဖော်ဆောင်သွားမည်ဟု YA တာဝန်ရှိသူက ပြောသည်။
စစ်တပ်နှင့် ပတ်သက်သည့် ပစ်မှတ်များ၊ စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲမှတစ်ဆင့် တက်လာမည့် အစိုးရဆိုသူများကိုလည်း ဆက်လက်၍ အပြင်း အထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army (YA)က အသိပေး ထုတ်ပြန်ထားသည်။