ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့ အပါအဝင် လက် နက်ကိုင်အဖွဲ့အားလုံးကို လက်နက်ဖျက်သိမ်းဖို့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့နဲ့ ဟားမတ်စ်တို့ကြား သဘောတူ ညီမှု ရရှိခဲ့ပြီလို့ ကြာသပတေးနေ့ညက ကြေညာလိုက်ပါတယ်။
ဒါဟာ ဂါဇာဒေသမှာ ရေရှည်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် သမိုင်းဝင် အရေးပါတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ပြီး မကြာမီမှာ အသေးစိတ်အစီအစဉ်တွေကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွား မယ်လို့ ၎င်းက Truth Social မှာ ရေးသားခဲ့ပါတယ်။
အဆိုပါငြိမ်းချမ်းရေး အစီအစဉ်အရ ဟားမတ်စ်အဖွဲ့က လက်နက်ဖျက်သိမ်းပြီးတာနဲ့ အစ္စရေးစစ် တပ်က ဂါဇာဒေသအချို့ကနေ အဆင့်လိုက် ပြန်ရုပ်သိမ်းပေးမှာ ဖြစ်ပါတယ်။
ဒေသတွင်း လုံခြုံရေးအတွက် အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးတပ်ဖွဲ့နဲ့ ပါလက်စတိုင်း ရဲတပ်ဖွဲ့ သစ်တို့က တာဝန်ယူမှာဖြစ်ပြီး ပါလက်စတိုင်းအစိုးရသစ်က အုပ်ချုပ်ရေးပိုင်းကို လွှဲပြောင်းရယူသွားမှာပါ။
အကောင်အထည်ဖော်မှု ပထမအဆင့်အဖြစ် ရဲတပ်ဖွဲ့သုံး လက်နက်တွေကို စတင်စွန့်လွှတ်ရမှာ ဖြစ်ပြီး နောက်ပိုင်းမှာ လိုဏ်ခေါင်းတွေနဲ့ လက်နက်ကြီးတွေကို ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။
အခုသဘောတူညီချက်ဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်နယ်ထရမ့် အဆိုပြုခဲ့တဲ့ အချက် ၂၀ ပါ ငြိမ်းချမ်း ရေးမူဘောင်ကို အခြေခံထားတာဖြစ်ပြီး ဓားစာခံတွေ လွှတ်ပေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးတို့ကို အစော ပိုင်းမှာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။
စစ်ပွဲဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလက အစ္စရေးကို ဟားမတ်စ်တို့ တိုက်ခိုက်ခဲ့ရာမှ စတင်ခဲ့ပြီး နှစ်ဖက်စလုံးမှာ လူပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ရတာပါ။
ဂါဇာဒေသကို ရေတိုအုပ်ချုပ်ဖို့အတွက် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုနဲ့ ဂါဇာဒေသ စီမံ ခန့်ခွဲရေး အမျိုးသားကော်မတီကို ဖွဲ့စည်းထားပြီး လက်နက်ကိုင်ဆောင်ခွင့်ကို အဆိုပါအဖွဲ့ကပဲ သီးသန့် ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။
ဟားမတ်စ်က အုပ်ချုပ်ရေးအာဏာကို အဆိုပါကော်မတီထံ လွှဲပြောင်းဖို့ အစိုးရအဖွဲ့ကို ဖျက်သိမ်း လိုက်ပြီလို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
အစ္စရေးက ဟားမတ်စ်တို့ လက်နက်မစွန့်သရွေ့ အာဏာကို နောက်ကွယ်က ကြိုးကိုင်နေဦးမှာ ဖြစ်လို့ ဒါဟာ လှည့်ကွက်တစ်ခုသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ကိုးကား – CBS News
Ref; Trump says Hamas agreed to next phase of Gaza peace deal, including disarmament, negotiated by “Board of Peace”