ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာကျိုးပေါက်သွားသဖြင့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ မြစ်ရေများ စီးဝင်ကာ ရေလွှမ်းမိုးနေသောကြောင့် ဒေသခံများ အရေးပေါ် ရွှေ့ပြောင်းနေကြရကြောင်း မီးသတ်ဦးစီးဌာနနှင့် မြို့ခံများထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့က လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေး ရွာရှိ အမြင့် ၁၈ ပေရှိသော ငဝန်မြစ်ရေကာတာ (တာမိုင်အမှတ် ၂၅/၃) တွင် သဲဗွက်ဖြစ်ပေါ်ကာ တာနိမ့်ဆင်းသွားသဖြင့် တုတ်ရိုက်ခြင်း၊ ကျောက်ချခြင်း၊ သဲအိတ်စီခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ယင်းနေ့ ညပိုင်းတွင် အလျား ပေ ၅၀ ခန့် တာကျိုးသွားခဲ့ခြင်း ဖြစ်သည်။

တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ အမှတ် (၃)၊ (၄)၊ (၅) ရပ်ကွက်များ အပါအဝင် ဂျမ်းကုန်း၊ ကျွန်းတဲနှင့် ကွမ်းခြံကုန်းကျေးရွာများအတွင်းသို့ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်းကာ အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေရသည်။

 

“ငဝန်မြစ်တာကျိုးသွားတာ တဖြည်းဖြေး ကျယ်လာတယ်။ ရေက ကမ်းတိုက်တက်နေတာ ၃၂ ပေရှိတယ်။ စိုးရိမ်ရေမှတ်က ၃၄ ပေရှိတာပါ။ လေးမျက်နှာမြို့မှာက ရပ်ကွက် ငါး ခုရှိတာ၊ မနေ့ည ကစပြီး ရပ်ကွက် (၄) နဲ့ (၅) မှာ ရေဝင်လာလို့ မြုပ်နေပြီ” ဟု လေးမျက်နှာမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အလားတူ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ လက်မခန့် အကွာသို့ ရောက်ရှိနေပြီး လာမည့် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိမြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇူလိုင် ၃၁ ရက် နေ့စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – MFS၊ လူမှုကွန်ရက်