
မြစ်ကြီးနားမြို့ရှိ အရပ်သားအစိုးရလက်ထက် ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အရပ် သားအစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေအိမ်ကို စက်တင် ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီက ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
NLD အစိုးရလက်ထက် ဗမာတိုင်း ရင်းသားရေးရာဝန် ကြီး ဦးခင်မောင်မြင့်(ခ) ဦးဒိတ်၏ နေအိမ်ကို စစ်ကောင် စီတပ် လူအင်အား ၂၀ ခန့်က လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အိမ်ကိုချိပ်လာပိတ်တာ လူတွေမနည်းဘူး။ အိမ်ထဲတော့ မဝင်ဘူး။ အပြင်ကနေဆိုင်းဘုတ်ချိတ်ပီးပြန်သွားကြတာ။ မိသားစုတွေကတော့ မနေတော့တာ ကြာပြီ”ဟု မြို့ခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ချိပ်ပိတ်ခံရသည့်နေအိမ်ပိုင်ရှင် ဦးခင်မောင်မြင့်မှာ စစ်အာဏာသိမ်းပြီးနောက် မိသားစုလိုက်ရှောင်တိမ်းနေရပြီး လူမနေထိုင်သည်မှာ တစ်နှစ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။
ဦးခင်မောင်မြင့်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ဗမာလူမျိုးများတိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုအနိုင်ရရှိခဲ့သဖြင့် ၂၀၁၅ မှ ၂၀၂၀ အထိ ကချင်ပြည်နယ်အစိုးရအဖွဲ့တွင်ပါဝင်ခဲ့ပြီး ၂၀၂၀အထွေ ထွေရွေးကောက်ပွဲတွင်လည်း အဆိုပါ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုထပ်မံအနိုင်ရရှိထားသူဖြစ်ကြောင်း သိရသည်။
ဇွန်လနောက်ဆုံးပတ်အတွင်းမှာလည်း ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအောင်မင်းဟိန်း ၏ ဖားကန့်မြို့ရှိနေအိမ်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိတ်ပိတ်ခံခဲ့ရကြောင်း သိရသည်။
#AyeyarwaddyTimes