
ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်း ခရီးသွားယာဉ်များအား စစ်ရေးလိုအပ်ချက်အရ ရပ်တန့်စစ်ဆေးသွားမည်ဟု AA ထုတ်ပြန်
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် AA သည် စက်တင်ဘာလ ၁၄ ရက်တွင် ရက္ခိုင်ပြည်သူ၊ပြည်သားများအနေဖြင့် ခရီးသွားလာရာတွင် ကုန်းလမ်း၊ ရေလမ်း ခရီးသွားယာဉ်များအားလုံးကို စစ်ရေးလိုအပ်ချက်အရ ရပ်တန့်၍စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် ရက္ခိုင်ပြည်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲရမ်းများကို စစ်တပ်သုံးယာဉ်များအပါအဝင် အရပ်ဖက်သုံး ကား၊ မော်တော်၊ လေယာဉ် တို့ဖြင့် ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း စသည့်နည်းလမ်းအမျိုးမျိုးအသုံးပြုကာ အင်အားဖြည့်တင်းနေသည်ကို ၎င်းတို့အနေဖြင့်
သိရှိရပြီးဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် AA နှင့်တိုက်ပွဲအတွင်း လက်လွှတ်ခဲ့ရသော စခန်းများအား လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများအဆက်မပြတ်ပြုလုပ်နေသည့်အပြင် ပလက်ဝဒေသတွင်လည်း စစ်ရေးတင်မာမှုများဖြစ်ပေါ်နေကာ တိုက်ပွဲများဖြစ်ပွားနိုင်ချေမြင့်မားမှုကြောင့် ယခုကဲ့သိုစစ်ဆေးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအချက်များကြောင့် ယာဉ်ပိုင်ရှင်များအနေဖြင့် ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာရာတွင် ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်ေမြရုံးများသို့ အသိပေးသွားလာရန် ထုတ်ပြန်ထားသည်။
အသိပေး သတင်းမပို့ဘဲသွားလာပါက ဖြစ်ပေါ်လာသောအခြေနေများအား ယခုဖြစ်ပေါ်နေသောစစ်ရေးအခြေနေများကြောင့် သွားလာသူ၏တာဝန်သာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ -AA Info Desk
#Ayeyarwaddy_Times