(ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပြောကြားချက်ကို အတည်ပြုနိုင်ရေး တွေ့ဆုံခွင့်ပြုဖို့ ထိုင်း တောင်းဆို)
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
မြန်မာစစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက ထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ဟာ ၎င်းရဲ့ အစ်မတစ်ဦးကဲ့သို့ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း အာဆီယံအဖွဲ့ကို ဇူလိုင် ၁၂ ရက်က ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က ပြောပါတယ်။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ရွေး ကောက်ခံအစိုးရ ဖယ်ရှားခံပြီးနောက်ပိုင်း ထိန်းသိမ်းခံထားရတာဖြစ်ပြီး လက်ရှိ အာဆီယံအထူးသံတမန် လည်းဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ မာရီယာထာရီဆာလာဇာရိုက ၎င်းနဲ့ တွေ့ဆုံခွင့်ရဖို့ ဆက်တိုက်တောင်းဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ကြောင်း၊ သူမဟာ ဆွေမျိုးတစ်ဦး၊ အစ်မတစ် ဦးလို ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ကောင်းမွန်စွာ စောင့်ရှောက်သွားမှာပါဆိုတဲ့သဘောမျိုး တင် မောင်ဆွေက ပြောဆိုခဲ့တယ်လို့ လာဇာရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထိပ်တန်းသံတ မန်တွေဟာ တင်မောင်ဆွေနဲ့ တနင်္ဂနွေနေ့က လူကိုယ်တိုင် တွေ့ဆုံခဲ့ကြပြီး ဒါဟာ လူပေါင်း ၁ သိန်းခန့် သေဆုံးခဲ့ရတဲ့ ပြည်တွင်းစစ်ကို ရပ်တန့်နိုင်ခြင်းမရှိသေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်စတင် နိုင်ဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။
လာဇာရိုက တင်မောင်ဆွေနဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာကို ကာကွယ်ပြောဆိုခဲ့ပြီး အခုလို တွေ့ဆုံမှု ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီခွင့်တွေပေးဖို့ လှုပ်ရှားမှုအချို့ကို အာဆီယံအနေနဲ့ စတင်မြင်တွေ့နေရပြီလို့ ဆိုပါတယ်။
ဒီလိုကိစ္စရပ်တွေဟာ ချက်ချင်းလက်ငင်း တစ်ကြိမ်တည်းနဲ့ လုပ်ဆောင်လို့မရနိုင်ဘဲ တဖြည်း ဖြည်း တိုးတက်ပြောင်းလဲလာမှာဖြစ်ကြောင်း၊ အခုလို ချိတ်ဆက်ဆောင်ရွက်မှု အားလုံးဟာ အလွန်အရေး ကြီးကြောင်း ၎င်းက ထောက်ပြပါတယ်။
လာဇာရိုက အခုအစီအစဉ်ဟာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့တွေကြား တွေ့ဆုံဆွေး နွေးမှုတွေ စတင်နိုင်ဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြှင့်တင်နိုင်ဖို့အတွက် ချိတ်ဆက်ဆောင်ရွက်ရ မယ့် မူဘောင်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
စစ်အုပ်စုက ငြင်းပယ်သည်ဖြစ်စေ မငြင်းပယ်သည်ဖြစ်စေ ၎င်းအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်သွား မှာဖြစ်ပြီး အာဆီယံအဖွဲ့ကလည်း ဘုံသဘောတူညီချက် ၅ ချက်အပေါ်မှာပဲ ဆက်လက်ရပ်တည်နေတယ် လို့ ယူဆကြောင်း ၎င်းက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ တိုးတက်မှု တွေရှိလာဖို့ ၎င်းတို့ရဲ့ မျှော်လင့်ချက်တွေကို မြန်မာစစ်ကောင်စီဝန်ကြီး တင်မောင်ဆွေထံ ရှင်းရှင်းလင်း လင်း ပြောကြားခဲ့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ ပြောကြားချက် တွေကို အတည်ပြုနိုင်ဖို့အတွက် ၎င်းနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Myanmar tells Asean Aung San Suu Kyi will be looked after, envoy says