ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့်ပတ်သက်၍ စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် လက်ခံထားသော အာဆီယံဘုံ သဘောတူညီချက် (၅) ရပ်ကို ရွေးတုလွှတ်တော်က ငြင်းဆိုပယ်ချ၍ ၎င်းတို့ကို ဖယ်ကြဉ်ထားသည့် လက်ရှိအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံမှ နုတ်ထွက်သင့်ဟုတင်ပြ အတည်ပြုလိုက်ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သော ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက် လာသည့် ရွေးတုလွှတ်တော် (ပြည်ထောင်စုလွှတ်တော်) သို့ ကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုး ရေးပါတီ(USDP) အမတ် တင်ပြထားသော အာဆီယံဘုံ (၅) ရပ်နှင့် ပတ်သက်၍ ယမန်နေ့ ဇူလိုင် ၉ ရက်တွင် USDP အမတ်အချင်းချင်း ထောက်ခံဆွေးနွေး အတည် ပြုလိုက်ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
အာဆီယံဘုံ (၅) ရပ်ကို မလိုက်နာပါက အစည်းအဝေး မတက်ရဟု ကန့်သတ်ချက် မပါဝင်သည့်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၎င်းတို့၏ ရွေးတုသမ္မတ မင်းအောင်လှိုင်အပါအဝင် ရွေးတုအစိုးရအား ပိတ်ဆို့ဖယ်ကြဉ်ထားခွင့်မရှိကြောင်း ကြံ့ခိုင်ရေးအမတ် ဘူးလက်ဦးလှဆွေက ရွေးတုလွှတ်တော်ကို တင်ပြခဲ့ခြင်းဖြစ်သည်။

“မိမိတို့နိုင်ငံရဲ့ အမျိုးသားသိက္ခာဖြစ်ပြီး မြန်မာအနေနဲ့ မှန်ကန်စွာ ရပ်တည်ခဲ့တဲ့အတွက် နုတ်ထွက်စရာမလိုဘဲ အစည်းအဝေးပြီးမှ Statement ထုတ်တဲ့အတွက် ဖိလစ်ပိုင်ကသာ ပဋိညာဉ်ကို ချိုးဖောက်တာကြောင့် ၎င်းသာ အာဆီယံက နုတ်ထွက်သင့်ပါတယ်” ဟု ဘူးလက်ဦးလှဆွေက ပြောဆိုခဲ့သည်။
ယင်းအပြင် ၎င်းတို့ကို ကာလရှည်ကြာ ဖယ်ကြဉ်ထားမှုများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပြီး ပြင်ပအင် အားကြီး နိုင်ငံများမှ မြန်မာ့အရေးဖိတ်ခေါ်၍ ဒေသတွင်းအား အာဏာလွှမ်းမိုးမှု ပြုလုပ်နိုင်ကာ အာဆီယံအဖွဲ့သည် ပိုစည်းလုံးရမည် ဖြစ်သော်လည်း အခြေခံမူကို မျက်ကွယ်ပြု၊ ကန့်သတ်ချုပ်ချယ်မှုများ ဆောင်ရွက်နေခြင်းအား စိတ်မကောင်းစွာ တွေ့ရကြောင်း ၎င်းက ဆိုသည်။
အလားတူ လက်ဝေခံ ရွေးတုအမတ်များကလည်း အာဆီယံဘုံ (၅) ရပ်သည် လက်ရှိအခြေအနေနှင့် မကိုက်ညီသည့်အပြင် မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်နေပြီး တန်းတူရည်တူရှိမှုအား ထိခိုက်စေသောကြောင့် ပယ်ချကာ ပြန်လည်ပြင်ဆင်သုံးသပ်ရန် ရွေးတုလွှတ်တော်အတွင်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်အာဏာသိမ်းမှုကြောင့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်ကို ၎င်းနောက်ဆုံး တက်ခွင့်ရသော ဂျကာတာမြို့၌ ၂၀၂၁ ခုနှစ်၊ ဧပြီတွင် ပြုလုပ်ခဲ့သည့် ထိပ်သီး အစည်းအဝေးအပြီး ထိုဘုံ (၅) ရပ် ချမှတ်ပြီးနောက် လိုက်နာမှု မရှိသေးသောကြောင့် အာဆီယံက ဖယ်ကြဉ်ထားဆဲဖြစ်ပြီး ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲအား အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောထားသည်။
ထိုအခြေအနေများကို ကျော်လွှားနိုင်ရန် ရွေးတုအစိုးရသည် ၎င်းတို့နှင့် ထိတွေ့ပူးပေါင်းနေသော နိုင်ငံတချို့ထံ အကူအညီတောင်းခံ ကြိုးပမ်းနေပြီး တစ်ဖက်တွင် အာဆီယံ၊ ကုလသမဂ္ဂတို့အား ပြစ်တင်ဝေဖန် စွပ်စွဲနေကာ ယခုကဲ့သို့ လက်ဝေခံအမတ်များမှတစ်ဆင့် ရွေးတုလွှတ်တော်သို့ တင်ပြ ပယ်ချ၊ အတည်ပြုလာခြင်းဖြစ် ကြောင်း အကဲခတ်များက ထောက်ပြသည်။
အာဏာသိမ်း စစ်အုပ်စုအပေါ် အာဆီယံက ချမှတ်ထားသည့် ဘုံ (၅) ရပ်မှာ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်မှ ဆွေးနွေးရေး လုပ်ငန်းစဉ်များ ကြားဝင်ညှိနှိုင်းပေးရန်၊ လူသား စာနာ အကူအညီများပေးရန်၊ သက်ဆိုင်သူများနှင့် တွေ့ဆုံရေး အာဆီယံအထူးကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ရန်တို့ဖြစ်သည်။
ဓာတ်ပုံ – ရွေးတုလွှတ်တော်