ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

 

ရွေးတုအစိုးရစစ်တပ်၏ စစ်တက္ကသိုလ် စိစစ်တည်းဖြတ်ရေးအဖွဲ့အနေဖြင့် လက်ရှိတွင် စစ်တပ် အတွင်းသို့ ဝင်ရောက်လိုသူ အလွန်အမင်း နည်းပါးလာခြင်းကြောင့် ရဲတပ်ဖွဲ့ကို စစ်တပ်ပုံစံသို့ သွတ်သွင်းရန် ဝတ်စုံနှင့် အသွင်သဏ္ဌာန် ပြောင်းလဲခြင်း အပါအဝင် ဖွဲ့စည်းပုံအပြောင်းအလဲနှင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

 

စစ်တပ်တွင် စစ်တက္ကသိုလ်ရှိသော်လည်း ရဲတပ်ဖွဲ့တွင် ရဲသိပ္ပံခေါ် ရဲအုပ်သင်တန်းကျောင်းသာ ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းမှာ ရွေးတုအစိုးရစစ်တပ်၏ OTS (ဗိုလ်သင်တန်းကျောင်း) အဆင့်သာရှိကာ တစ်ဆင့်နှိမ့်၍ စနစ်တကျ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

လတ်တလော ပြင်ဆင်မှုများအရ လာမည့် ၂၀၂၈ ခုနှစ်တွင် ဇီးပင်ကြီးရှိ ရဲသိပ္ပံကို “ရဲအကယ်ဒမီ” အဖြစ် အဆင့်မြှင့်တင်ရန် ပြင်ဆင်နေပြီး လက်ရှိ ရဲအုပ်သင်တန်းကျောင်းကိုမူ တောင်ငူတပ်နယ်အတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်နေသည့် အခြေအနေနှင့်ပတ်သက်၍ “အခုရဲအကယ်ဒမီမှာဆိုရင် စစ်တပ်ကလို ရာထူးတိုးမြှင့်သွားမှာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရဲအကယ်ဒမီ ကျောင်းဆင်းများသည် စစ်တက္ကသိုလ်ကျောင်းဆင်းများကဲ့သို့ အချိန်ကာလသတ်မှတ် ချက် Time Scale စနစ်ဖြင့် ရာထူးတိုးမြှင့်ခံရမည်ဖြစ်ပြီး ရဲတပ်ရင်းများတွင် တိုက်ရိုက်တာဝန် ထမ်းဆောင်ရမည် ဖြစ် သည်။

 

ရွေးတုအစိုးရစစ်တပ်၏ ဗိုလ်သင်တန်းကျောင်းဆင်းများမှာ ဒုဗိုလ်တစ်ပွင့်မှ ဗိုလ်ကြီးသုံးပွင့်အထိ အချိန်ကာလသတ်မှတ်ချက် Time Scale စနစ်ဖြင့် ရာထူးတိုးမြှင့်ခွင့်ရရှိကြပြီး ကျောင်းဆင်းပြီး တစ်နှစ်အကြာတွင် နှစ်ပွင့်၊ သုံးနှစ်အကြာတွင် သုံးပွင့် ရရှိကြသော်လည်း ရဲတပ်ဖွဲ့အတွင်းရှိ ရဲအုပ် များမှာမူ ရာထူးတက်ရန် စစ်တပ်ထက် ပိုမိုအချိန်ကြာမြင့်လေ့ရှိသည်။

 

“တိုက်ခိုက်ရေးသင်တန်းတွေမှာ ရဲတွေနဲ့အတူတူတက်ရတဲ့အခါ အဆင့်ချင်းတူပေမယ့် ဦးရဲကြီးတွေလို့ ခေါ်ရတယ်။ အသက်တွေလည်းကွာခြားကြတယ်။ ရာထူးကြတော့ စစ်တပ်ထက်နိမ့်တယ်။ စစ်တပ်က တစ်ဆင့်နှိမ့်ပြီးဖွဲ့စည်းထားတာ”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် စစ်တပ်သို့ ဝင်ရောက်လိုသူ အလွန်နည်းပါးလာသည့်အတွက် အသွင်ပြောင်းခြင်း၊ ဝတ်စုံပြောင်းခြင်းနှင့် စည်းရုံးခြင်းများကို အသည်းအသန် လုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

 

ယခုကဲ့သို့ ဇီးပင်ကြီးနှင့် တောင်ငူတပ်နယ်များသို့ သင်တန်းကျောင်းများ ရွှေ့ပြောင်းအဆင့်မြှင့်ခြင်းဖြင့် ရဲနှင့် စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတင်းကျပ်လာစေနိုင်ပြီး ရဲတပ်ဖွဲ့ကို စစ်တပ်ပုံစံသို့ သွတ်သွင်းကာ အင်အားလျော့နည်းလာမှုကို အစားထိုးရန် ခြေလှမ်းပြင်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်