ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ ခရုစ်ဒုံး ကျည် အပါအဝင် အခြားလက်နက်တွေကို တန် ၅,၀၀၀ ရှိတဲ့ ဖျက်သင်္ဘောအသစ် “ကန်ကွန်” ပေါ် စမ်း သပ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။

 

သောကြာနေ့က ပြုလုပ်တဲ့ အဲဒီစမ်းသပ်မှုမှာ မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်၊ ဖျက်သင်္ဘောရဲ့ ပင်မအမြောက်နဲ့ စက်အမြောက်တွေ ပစ်ခတ်မှုအပြင် အီလက်ထရောနစ် စစ်ဆင်ရေးစနစ်နဲ့ ပစ်မှတ်ရှာ ဖွေရေးစနစ်တွေကိုပါ စမ်းသပ်ခဲ့တယ်လို့ KCNA သတင်းဌာနက ဆိုပါတယ်။

 

ကမ်းခြေကနေ စမ်းသပ်မှုကို စောင့်ကြည့်ပြီးနောက် ကင်ဂျုံအန်းက အဲဒီဖျက်သင်္ဘောကို နောက် ထပ် နှစ်လအတွင်း စစ်ဆင်ရေးတာဝန်တွေမှာ တရားဝင် အသုံးပြုနိုင်အောင် ပြင်ဆင်ဖို့ အမိန့်ပေးခဲ့ပါ တယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းကလည်း ပထမဆုံး တန် ၅,၀၀၀ ရှိ “ချွဲဟွန်” ဖျက် သင်္ဘောကို တပ်တော်ဝင်ခဲ့ပြီး အဲဒီအခမ်းအနားမှာ ကင်ဂျုံအန်းက ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်ရေးဟာ အစီအစဉ်အတိုင်း ဖြစ်မြောက်နေပြီလို့ ကြေညာခဲ့ပါတယ်။

 

ဒုံးပျံဖွံ့ဖြိုးရေးကို နှစ်ပေါင်းများစွာ ဦးစားပေးခဲ့ပြီးနောက် အခုအခါ ကင်ဂျုံအန်းဟာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေးအပါအဝင် ရေတပ်စွမ်းရည်မြှင့်တင်ရေးကို ပိုမိုအာရုံစိုက် လာတာပါ။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အလုပ်သမားပါတီညီလာခံမှာလည်း ကင်ဂျုံအန်းက ရေအောက်ကနေ ပစ် ခတ်နိုင်တဲ့ တိုက်ချင်းပစ် ဘာလစ်စတစ်ဒုံးကျည်တွေ ထုတ်လုပ်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။

 

မြောက်ကိုရီးယားဟာ “ချွဲဟွန်” သင်္ဘောကို ၂၀၂၅ ခုနှစ် ဧပြီလကတည်းက စတင်ပြသခဲ့တာဖြစ် ပြီး ဒါဟာ စစ်တပ်ရဲ့ ကြိုတင်ကာကွယ် တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးမယ့် ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။

 

အဲဒီစစ်သင်္ဘောမှာ လေကြောင်းရန်ကာကွယ်ရေး၊ ရေငုပ်သင်္ဘောဖျက်လက်နက်တွေအပြင် နျူ ကလီးယားထိပ်ဖူးတပ် ခရုစ်ဒုံးကျည်တွေ တပ်ဆင်ထားတယ်လို့ KCNA က ဆိုပါတယ်။

 

အခု စမ်းသပ်ခဲ့တဲ့ “ကန်ကွန်” သင်္ဘောကို ၂၀၂၅ ခုနှစ် မေလမှာ စတင်ပြသခဲ့ပေမယ့် ချုံဂျင်ဆိပ် ကမ်းမှာ လွှတ်တင်စဉ် မတော်တဆမှုဖြစ်ပြီး ပျက်စီးခဲ့လို့ ကင်ဂျုံအန်း အလွန်ဒေါသထွက်ခဲ့ဖူးပါတယ်။

 

ကင်ဂျုံအန်းက လာမယ့် ၅ နှစ်အတွင်း တန် ၅,၀၀၀ ရှိ စစ်သင်္ဘောအသစ် နှစ်စင်း တည်ဆောက် သွားဖို့နဲ့ ပိုကြီးတဲ့ တန် ၁၀,၀၀၀ ရှိ ဖျက်သင်္ဘောကိုပါ တီထွင်သွားဖို့ တောင်းဆိုထားပါတယ်။

 

ကိုးကား – TRT World
Ref; North Korean leader observes strategic weapons tests aboard new naval destroyer