ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကို စစ်ကောင်စီက ရုံးထုတ်စစ်ဆေး

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁၄ ရက်

ရုပ်ရှင်သရုပ်ဆောင်၊ အနုပညာရှင်တဦးဖြစ်သော မသဉ္ဇာဝင့်ကျော်ကို ယနေ့နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၃ ဖြင့် တရားစွဲကာ ရုံးထုတ်ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း တရားရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

မသဉ္ဇာဝင့်ကျော်သည် Sexy Model အဖြစ် ထင်ရှားကျော်ကြားသော သူတဦးဖြစ်ပြီး မြန်မာ့အနုပညာရှင်များ လောကတွင် အဆင့်အတန်းတခုအထိ ထိုးဖောက်နိုင်သူတဦးဖြစ်သည်။ ယခုသူမနှင့်အတူ Sexy Model တဦးဖြစ်သည့် ဆရာဝန်ဖြစ်သူ နန်းမွေ့စံကိုတော့ အဆိုပါ ပုဒ်မဖြင့် ဖမ်းဆီးတရားစွဲထားခဲ့ရာ ယနေ့တွင် ၎င်းကို ဖမ်းဆီးခဲ့သည့် မြောက်ဒဂုံမြို့နယ်တွင်

ရုံးထုတ်စစ်ဆေးခြင်း၊ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်း ရှိမရှိကို ဧရာဝတီတိုင်းမ် အနေဖြင့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

‘‘ဟုတ်ပါတယ်။ သူ့ကို(မသဉ္ဇာဝင့်ကျော်)ကို ကနေ့ ရုံးထုတ်ပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ရမန်ယူတာပဲလို့တော့ သိရတယ်။ ထောင်တွင်းတရားရုံးမှာပဲ ဆက်စစ်မလား၊ ပြင်ပ မြို့နယ်ရုံးမှာ စစ်မလားတော့ ကျနော်တို့ မသိသေးပါဘူး’’ ဟု တရားရုံးနှင့် နီးစပ်သူ တဦးက ဆိုသည်။

မသဉ္ဇာဝင့်ကျော်သည် ရှမ်းပြည်နယ် လွတ်မြောက်ရေး တပ်ဖွဲ့ SSPP ဝမ်းဟိုင်းနယ်မြေ ဒေသဖွံ့ဖြိုးရေးနယ်မြေနှင့် ပက်သက်ပြီး ရုပ်သံရိုက်ကူးကာ အဆိုပါ ရိုက်ကူးရေးကွင်းမှ ဝတ်စုံဖြင့်ပင် ဒေသခေါင်းဆောင်တဦး၏ မိသားစုဝင် မင်္ဂလာဆောင်ကို တက်ရောက်ခဲ့ရာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဘက်မှ အပြန်လမ်းတွင် ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသည်။

ထို့နောက် ၎င်းကို ရိုက်ကူးရေး လုပ်ခဲ့သော SSPP အဖွဲ့မှလည်း စစ်ကောင်စီနှင့် ကြားဝင်ညှိနှိုင်းခဲ့သော်လည်း အဆိုပါ ရိုက်ကူးရေးနှင့် မသက်ဆိုသည့် အချက်အလက်များကို ထုတ်ဖော်ကာ ယခုလို ဖမ်းဆီးခြင်းဖြစ်ကြောင်း တရားရေး အသိုင်းအဝိုင်းမှ ဝေဖန်ကြသည်။

#Ayeyarwaddy_Times