ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်

ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့ပြီး ငါးရက်အကြာမှာ သေဆုံးသူအရေအ တွက်ဟာ ၁,၇၀၀ ကျော်အထိ ရှိလာခဲ့ပြီး နောက်ထပ်လည်း တိုးလာနိုင်ခြေရှိကာ အသက်ရှင်ကျန်ရစ်သူ အမြောက်အမြားဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇ အထက်ရှိတဲ့ မြေငလျင် နှစ်ကြိမ်တိုင်တိုင် လှုပ်ခတ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ချ်ရိုဒရီဂွက်ဇ်က တနင်္လာနေ့မှာ ပြောကြားရာမှာ သေဆုံးသူအ ရေအတွက်ဟာ ၁,၇၁၉ ဦးအထိ တိုးလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ပြောကြားချက်အရ နိုင်ငံပေါင်း ၂၇ နိုင်ငံက ကယ်ဆယ်ရေးသမား ၂,၂၀၀ ကျော်ကို ဗင်နီဇွဲလားနိုင်ငံဆီ စေလွှတ်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ နောက်ဆက်တွဲငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေတဲ့ ကြားထဲကပဲ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပိတ်မိ နေသူတွေကို ရှာဖွေဖို့ ဒေသခံအာဏာပိုင်တွေကို ဝိုင်းဝန်းကူညီပေးနေကြပါတယ်။

“အနည်းဆုံး အဆောက်အအုံပေါင်း ၂,၅၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီထဲက အများစုကတော့ အလုံးစုံ ပြိုကျပျက်စီးသွားတာ ဖြစ်ပါတယ်” လို့ ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်တစ် ဦးက တနင်္လာနေ့မှာ ပြောပါတယ်။

“အခု ဒေသခံအာဏာပိုင်တွေနဲ့ သဘောတူညီချက်ရယူပြီး ရုပ်အလောင်းထည့်တဲ့အိတ် အလုံး ပေါင်း ၁၀,၀၀၀ ကို ရှာဖွေစုဆောင်းနေပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

လူတစ်ယောက် အသက်ရှင်သန်နိုင်ခြေ သိသိသာသာ လျော့ကျသွားတတ်တယ်လို့ ယူဆကြတဲ့ ၇၂ နာရီ ကျော်လွန်သွားခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ လူ ၇ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ကလေးငယ် ၆၈၀,၀၀၀ အပါအဝင် လူဦးရေ ၁ ဒသမ ၈ သန်းခန့်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေ တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား – NHK
Ref; Death toll from Venezuela earthquakes surpasses 1,700