ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းခကောက် ခံမယ့် အီရန်ရဲ့အစီအစဉ်ကို မဟာမိတ်အားလုံးက ကန့်ကွက်ကြပြီး အမေရိကန်အနေနဲ့လည်း ဒါကို ခွင့် လွှတ်သည်းခံမှာ မဟုတ်ဘူးလို့ ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
ဘာရိန်းနိုင်ငံမှာရှိတဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်တွေနဲ့ တွေ့ ဆုံပြီးနောက် ၎င်းက အခုလို ပြောကြားလိုက်တာပါ။
အမေရိကန်နဲ့ ပင်လယ်ကွေ့ ၆ နိုင်ငံတို့ဟာ ရေလက်ကြားကို အသုံးပြုခအတွက် ငွေပေးချေရမယ့် ကိစ္စနဲ့ အဲဒီရေပြင်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ငြင်းပယ်တဲ့ ပူးတွဲကြေညာချက်တစ်စောင် ထုတ် ပြန်ခဲ့ပါတယ်။
“အခကြေးငွေပဲဖြစ်ဖြစ် ဖြတ်သန်းခပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ အတူတူပါပဲ။ အဲဒီနေရာ ကို ဖြတ်ဖို့ တစ်ယောက်ယောက်ကို ပိုက်ဆံပေးရမယ်ဆိုရင် အခကြေးငွေလို့ပဲခေါ်ခေါ် ဖြတ်သန်းခလို့ပဲ ခေါ်ခေါ် ဒါမှမဟုတ် အလှူငွေလို့ပဲပြောပြော ဒါဟာ ဖြတ်သန်းခပါပဲ။ ကျွန်တော်တို့ကတော့ ဒါကို ဒီလိုပဲ သတ်မှတ်ပါတယ်။ ဒါဟာ နိုင်ငံတကာပိုင် ရေပြင်ဖြစ်ပြီး ဒီရေလက်ကြားကို ဖြတ်သန်းဖို့ ပိုက်ဆံပေးရမယ့် အရေးကို ထောက်ခံမယ့် နိုင်ငံမျိုး ကမ္ဘာပေါ်မှာ တစ်နိုင်ငံမှ မရှိပါဘူး” လို့ သူက ပြောပါတယ်။
အီရန်ဟာ ရက်ပေါင်း ၆၀ အတွင်း လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ရေး စီစဉ်ပေးဖို့ အမေရိ ကန်နဲ့ ချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာမှာ သဘောတူထားခဲ့တာပါ။
အဲဒီသက်တမ်း ကုန်ဆုံးပြီးနောက်ပိုင်း ရေလက်ကြား စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေမှာ အိုမန် နိုင်ငံက ပါဝင်ဆွေးနွေးသွားဖို့ ဒီသဘောတူညီချက်မှာ တောင်းဆိုထားပါတယ်။
အိုမန်နိုင်ငံခြားရေးဝန်ကြီး ဘဒရ် အယ်လ်ဘူဆိုက်ဒီက နောင်လာမယ့် သဘောတူညီချက်တွေမှာ ဘယ်လို ဖြတ်သန်းခ ဒါမှမဟုတ် အခကြေးငွေမျိုးကိုမှ ထည့်သွင်းသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ ကြောင်း သိရပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီကတော့ သူဟာ အိုမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ စကား ပြောခဲ့တယ်လို့ ကြာသပတေးနေ့က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားရဲ့ စီမံခန့်ခွဲမှုနဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာတွေကို သတ်မှတ်နိုင်ဖို့ နှစ်ဦးနှစ် ဖက် ဆက်လက်ဆွေးနွေးသွားမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; Rubio: US, Gulf nations reject Strait of Hormuz transit fees