မှော်ဘီမြို့နယ် ပရိယတ္တိစာသင်တိုက်တခုက ရဟန်း၊သီလရှင်နှင့်လူပုဂ္ဂိုလ် ၂၅ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ
ဧရာ၀တီတိုင်းမ်
(မှော်ဘီ)၊ စက်တင်ဘာလ ၁၄ ရက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သံတံတားကျေးရွာ၊ သံတံတားရွာဦးပရိယတ္တိစာသင်တိုက်က ရဟန်း၊ သီလရှင်နှင့်လူပုဂ္ဂိုလ် ၂၅ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းများ ထံကသိရသည်။
စက်တင်ဘာလဒုတိယပတ်အတွင်း အဆိုပါ ပရိယတ္တိစာသင်တိုက်မှ ဖျားနာသည့် ရဟန်း ၃ ပါး ကိုစစ်ဆေးရာကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ယမန်နေ့ စက်တင်ဘာ လ ၁၃ ရက်နေ့တွင် ၎င်းတို့နှင့်ထိစပ်သူ ရဟန်း၊ မယ်သီလရှင်အပါး ၅၀ နှင့် လူပုဂိုလ် ၁၉ ဦးတို့ကိုဆက် လက်စစ်ဆေးရာမှ ရဟန်း၊သီလရှင် ၁၉ ပါး နှင့် လူပုဂ္ဂိုလ် ၃ ဦးတို့တွင်
ကိုဗစ်ရောဂါပိုးအစုလိုက်ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
“ စတွေ့တာက ဖျားနေတဲ့ကိုယ်တော် ၃ ပါးကိုစစ်ကြည့်တော့ ၃ ပါးလုံး ကိုဗစ်ပေါစတစ်ဖြစ်တယ်ပေါ့။ အဲ့ဒီနောက် ကျောင်းထဲကထိစပ်တဲ့ ရဟန်းတွေရော သီလရှင်တွေရော လူတွေရော ထပ်စစ်တာမှာ ရဟန်းနဲ့သီလရှင် ၁၉ပါး လူက ၃ ယောက်ဆိုတော့ ၂၂ ယောက်မှာ ထပ်တွေ့တယ်၊ အားလုံး ၂၅ ယောက်တွေ့ထားတယ်” ဟု
မှော်ဘီမြို့အခြေစိုက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ထိစပ်မှုများရှိခဲ့သည့် မှော်ဘီမြို့နယ် ပိန္ဒဲကုန်းကျေးရွာ၊ မနောသုခဘုန်းတော်ကြီးကျောင်းမှ ရဟန်း၊ မယ်သီလရှင်နှင့် စာသင်ကျောင်းသားများကိုပါ စစ်ဆေးခဲ့ရာ ရဟန်းတစ်ပါးတွင် ရောဂါပိုး ထပ်မံရှာတွေ့ရှိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် အဆိုပါ ပရိယတ္တိစာသင်တိုက်ကို အသွား အလာကန့်သတ်ခြင်း၊ လော့ဒေါင်းချထားခြင်းများ မရှိသေးဘဲ ကုသရေးလုပ်ငန်းများလည်းလုပ်ဆောင်ပေးခြင်းမျိုးမရှိသေးကြောင်း ဒေသခံများထံကသိရသည်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် ကိုဗစ်ရောဂါပိုးကိုထိန်းချုပ်နိုင်သည့်အနေအထားကိုရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထားသော်လည်း ကိုဗစ်ရောဂါပိုး ပြန်လည်တွေ့ရှိမှုများပြားလာသည့်ဩဂုတ်လကုန်ပိုင်းမှစ၍ ယမန့်နေ့အထိ ၂ ပတ်တာကာ လအတွင်း ကိုဗစ်အတည်ပြုလူနာ ၂
ထောင်ဝန်းကျင်တွေ့ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနကထုတ်ပြန်ထားကာ ကိုဗစ်ရောဂါဖြင့်သေဆုံးမှုများပြန်လည်များပြားလာကြောင်း သိရသည်။
#မှော်ဘီ #စာသင်တိုက် #ကိုဗစ်အတည်ပြုလူနာ #၂၅ပါး #တွေ့ရှိ #AyeyarwaddyTimes