ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းဘတ်ငွေ ၂၃ သန်းကျော်ကို ငါးမုန့်ကတ်ထူ ဖာများအတွင်း ထည့်သွင်းဖျောက်ဖျက်ကာ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ တရားမဝင် သယ်ထုတ် ရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
မယ်ဆိုင်နယ်စပ်ဂိတ်မှတစ်ဆင့် တာချီလိတ်မြို့သို့ ဦးတည်မောင်းနှင်နေသည့် မြန်မာလိုင်စင်ဖြင့် ကားတစ်စီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးခဲ့ရာ ကားပေါ်ရှိ ကတ်ထူဖာ ၂ ဖာထဲမှ တရားမဝင် သယ်ဆောင်လာသည့် ထိုင်းဘတ်ငွေ စုစုပေါင်း ၂၃,၀၂၃,၀၀၀ (၂၃ သန်းကျော်) ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များသည် အဆိုပါ ငွေသားများ၏ မူလစီးဆင်းရာ လမ်းကြောင်းကို လိုက်လံ စစ်ဆေးနေပြီးယင်းငွေကြေးများသည် နယ်စပ်ဒေသရှိ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း၊ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အပါအဝင် အခြားသော ရာဇဝတ်မှုကွန်ရက်များနှင့် ဆက်နွှယ်မှု ရှိ၊ မရှိကို အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
ထို့ပြင် ငွေများနှင့်အတူ လက်ရဖမ်းဆီးရမိသည့် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား ယာဉ်မောင်း အား သက်ဆိုင်ရာသို့ ကြိုတင်အကြောင်းကြား တင်ပြခြင်းမရှိဘဲ၊ တရားဝင် ခွင့်ပြုချက်တစ်စုံ တစ်ရာမပါဘဲ ထိုင်းငွေကြေးများကို ပြည်ပသို့ တရားမဝင် သယ်ထုတ်ရန် ကြိုးပမ်းမှု စသည့် ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ကိုးကား – Khaosod English