ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဇွန် ၂၀ ရက်

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာများသို့ စစ်တပ်စစ်ကြောင်းများက စစ်ကြောင်းထိုးနေကာ ဒေသခံနေအိမ်များကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

 

အဆိုပါစစ်ကြောင်းသည် ယမန်နေ့ ဇွန် ၁၉ ရက်နေ့က ပိတောက်ကုန်းရွာသို့ ဝင်ရောက်ကာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့ပြီး ဆက်လက်၍ကျွန်းကုန်းကျေးရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

 

ရွေးတုအစိုးရလက်အောက်ခံ ခမရ-၁၉ တပ်ရင်း၊ အမှတ်(၅) စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၅)၊ ရတရ-၁၁ တပ်ရင်းတို့ပူးပေါင်းကာ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“လောလောဆယ်တော့ လက်နက်ကြီးတွေလှမ်းပစ်နေတာ လေယာဉ်နဲ့တိုက်ခိုက်တာတွေရှိတယ် ပြည်သူတွေသေဆုံးမှုလည်းရှိတယ်” ဟု ပဲခူးတိုင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်တပ်သည် ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့ကလည်း ပိတောက်ကုန်းကျေးရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

 

ရေတာရှည်မြို့နယ်သို့ စစ်တပ်က ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့မှစတင်ကာ အင်အားအများပြားဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲများဖြစ်ပွားနေကာ ဆွာမကြီး(ဆွာရွာမ)ကျေးရွာတိုင်ပွဲအတွင်း တပ်ရင်းမှူးဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။

ဓာတ်ပုံ – ပေးပို့(ပိတောက်ကုန်းကျေးရွာပုံဟောင်း)