ယမန်နေ့ညနေက ကြည့်မြင်တိုင်တွင် သပိတ်အဖွဲ့ အဖမ်းခံရသူ ၂၇ ဦးအထိ ရှိကြောင်း သိရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၄ ရက်

စက်တင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ထားရှိရန် ဆန္ဒထုတ်ဖော်သည့် သပိတ်တွင် အဖမ်းခံရသူ ၂၇ ဦးအထိ ရှိကြောင်း သပိတ်ဖော်ဆောင်မှု အဖွဲ့များထံမှ သိရသည်။

အဖမ်းခံရသူများထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသူများလည်း ပါဝင်သလို သတင်းလိုက်ယူခဲ့သော သတင်းသမားတချို့လည်း ပါဝင်ခဲ့ကြောင်း၊ အဖမ်းခံရသူများထဲတွင် သပိတ်နှင့် မသက်ဆိုင်သည့် သူတချို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

‘‘ကလေးတွေ(အသက် ၁၈ နှစ် မပြည့်သူများ)က သပိတ်လုပ်တဲ့အချိန် အနီးအနားမှာ ရောက်နေကြသူတွေ။ အရပ်ဝတ်ကားတွေနဲ့ စောင့်ဖမ်းတာ။ သေနတ်တွေပါ ပါတယ်။ တချို့ထိခိုက်ဒဏ်ရာ ရတယ်ကြားတယ်။ နောက်ပြီး အဖမ်းခံရသူတချို့ကို သပိတ်နဲ့ သက်ဆိုင်တဲ့သူတွေရဲ့ အိမ်တွေကို ညတွင်းချင်း လိုက်ပြခိုင်းလို့ အခုလို အဖမ်းခံရတာ။ တချို့ရဲ့ ဖုန်းတွေလည်း

အာဏာသိမ်း စစ်တပ်လက်ထဲရောက်နေတယ်’’ ဟု လွတ်မြောက်လာသော ရန်ကုန်မြို့ပြ ပျောက်ကြားသပိတ်အဖွဲ့ဝင်တဦးက ပြောသည်။

ထိုသပိတ်တွင် အဖမ်းခံရသူများထဲ မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် CTUM ၏ အဖွဲ့ဝင်များလည်းပါဝင်ခဲ့ကြောင်း CTUM ကလည်း သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးရာတွင် အဖမ်းခံရသူများကို ရိုက်နှက်သည့် အဖြစ်အပျက်များလည်း ရှိခဲ့ကြောင်း ရန်ကုန်မြို့ခံတချို့ထံမှ သိရသည်။

ရန်ကုန်မြို့တွင် စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများ၏ ဆန္ဒပြ ကန့်ကွက်မှုများက ပုံစံမျိုးစံဖြင့် ဆက်လက်ရှိနေသလို စစ်တပ်ဘက်မှလည်း မြို့ခံပြည်သူများအပေါ် လက်နက်ဖြင့် အကြမ်းဖက်မှုများလည်း နေ့စဉ်ဖြစ်ပျက်နေလျှက်ရှိသည်။

ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။

#Ayeyarwaddy_Times