ဖလမ်းမြို့နယ်အတွင်း ကားလမ်းမကောင်းသဖြင့် ကလေးမြို့မှသယ်ယူသောကုန်စည်များ ၂ ပတ်ကြာသည်အထိ ရွာမရောက်ဘဲ လမ်းတွင် ပုပ်သိုးပျက်စီးမှုများဖြစ်ပေါ်နေ

ဧရာဝတီတိုင်ှုမ်

(ဖလမ်း) စက်တင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အနောက်ဘက်ခြင်းဒေသသို့ သယ်ယူသော ကုန်စည်နှင့် စားသောက်ကုန်များမှာ လမ်းမကောင်းသဖြင့် ၂ ပတ်ကျော်ကြာသည်အထိ လိုရာမရောက်ဘဲ လမ်းမှာပင် ပုပ်သိုးပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ကလေးမြို့မှ ဖလမ်းမြို့အနောက်ဘက်ခြမ်းဒေသသို့ မိုင် ၁၃၀ ဝန်းကျင်ကွာဝေးပြီး လမ်းမကောင်းခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကလေးမြို့မှထွက်သောကုန်ကားမှာ ၂ ပတ်ကြာသည်အထိ ရွာမရောက်နိုင်ဘဲ ကလေးမြို့မှဝယ်ယူသည့် ကြက်ဥ၊ ကွမ်းရွက်စသည့်ပစ္စည်းများ အပါအဝင် စားသောက်ကုန်များ ပုပ်သိုးပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း

ဒေသခံများထံက သိရသည်။

“ကုန်စည်တင်ပို့သွားလာရာမှာ စစ်ကောင်စီဘက်က စစ်ဆေးတာက ပုံမှန်ပဲ။ အရမ်းတင်းကြပ်တာမျိုး မရှိဘူး။ အဓိကက မိုးရာသီဆိုတော့ လမ်းမကောင်းတာ၊ ရာသီဥတုဆိုးတာကြောင့် ကုန်စည်တွေက လိုရာရောက်ဖို့ ၂ ပတ်လောက် ကြာတာမျိုးတွေဖြစ်တယ်။ အဲတော့ တချို့စားသောက်ကုန်တွေက ရွာလည်းရောက်ရော ပုပ်သိုး ပျက်စီးကုန်လို့ လွှင့်ပစ်ရတာတွေ

ဖြစ်ကုန်တာပေါ့”ဟု ဖလမ်းမြို့မှ ကုန်ကားမောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့နယ်အနောက်ဘက်ခြမ်းသို့ ကုန်စည်ပို့ဆောင်သည့်ကားများမှာ နွေရာသီဆိုလျှင် နေ့ချင်းပြန် ကုန်စည်ပို့ဆောင်နိုင်သော်လည်း မိုးရာသီ၌ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ၁ ပတ်၊ ၂ ပတ်ကြာသည်အထိ ကုန်စည်များ ပို့ဆောင်ရေး ကြန့်ကြာမှုများ ဖြစ်ပွားလေ့ရှိသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ဖလမ်းမြို့နှင့် ဟားခါးမြို့ကြား ဆက်သွယ်ထားသည့်ကားလမ်းပေါ်သို့ မြေပြိုကျသည့်အတွက် ကားများသွားလာနိုင်ခြင်းမရှိဘဲ အဆက်အသွယ် ၁ ရက်ခန့် ပြတ်တောက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့တွင် မြေတူးစက်ဖြင့် လမ်းရှင်းပေးခဲ့သဖြင့် ကားလမ်းပြန်ပွင့်ခဲ့ကြောင်း သိရသည်။

#ချင်းပြည်နယ် #လမ်းပန်းဆက်သွယ်ရေး #ဖလမ်း #ကုန်စည်ပို့ဆောင်ရေး #Ayeyarwaddy_Times