ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ မေ ၂၉ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးရွာတွက် ပြီးခဲ့သည့် မေ ၂၆ ရက်နေ့က စစ်ဘေးရှောင်ရာမှ ကျေးရွာသို့ ခေတ္တပြန်လာကြည့်သည့် ရွာသား နှစ် ဦးကို ကင်းပုန်းဝပ်နေသည့် စစ်တပ်တပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သည့် စစ်ဘေးရှောင်နှစ်ဦးမှာ ဦးဖိုးဇော်(၄၀နှစ်) နှင့် ဦးအေးကြီး(၅၁နှစ်) တို့ဖြစ်ကာ စစ်ကြောင်းပြန်သွားသည် ဆိုသည့်သတင်းကြောင့် ကိုင်းကြီးကျေးရွာသို့ပြန်စဉ် သတ်ခံရခြင်းဖြစ်ပြီး ဦးဖိုးဇော်ထံမှ ငွေကျပ် ၃၅ သိန်းဝန်းကျင်ပါယူဆောင်သွားကြောင်း သိရသည်။
ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်သည် အုတ်ဖိုမြို့နယ်အတွင်း ဖြန့်ကျက် စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများလည်း ပြုလုပ်နေအတွက် ကျေးရွာအများအပြားမှ ဒေသခံများမှာ စစ်ဘေးရှောင်တိမ်းနေရခြင်း ဖြစ်သည်။

“စစ်ဘေးရှောင်သုံးယောက်ကအုပ်ဖိုမြို့နယ်ကိုင်းကြီးရွာပါ။ သူတို့ရွာကနေပြီး စကစတွေပြန်ထွက်သွားပြီကြားလို့ အခြေနေပြန်ကြည့်တာမှာ ကင်းပုန်းဝတ်နေတဲ့အဖွဲ့က ပစ်သတ်လိုက်တာပါ။
သူတို့သုံးယောက်ထဲက တစ်ယောက်က သေချင်ရောင်ဆောင်နေလိုက်လို့ သေပြီထင်ပြီးထားခဲ့တာပါ” ဟု အုတ်ဖိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ မေ ၂၈ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာသို့ ရွေးတုအစိုးရ လက်အောက်ခံစစ်တပ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး စိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မေ ၂၇ ရက်နေ့ကလည်း ချောင်းဂွကြီးကျေးရွာသို့ ဗုံး လေးလုံးကြဲချခဲ့ရာ အသက်၅၀နှစ်အရွယ် ဦးပေါ်လုဆိုသူနှင့် မြင်း သုံးကောင် သေဆုံးခဲ့ကြောင်းသိရသည်။

“စစ်ဘေးရှောင်တွေကရှိပါတယ် ကျွဲဖြူမကနေစပြီး ထန်းပင်ကုန်းအထိကို မအူတန်း၊ ကြို့ကိုးပင် အကုန်လုံးရွာတွေရှောင်နေရတာပါ ပြေးနေရတာ လက်ရှိမှာတော့မြေပြင်မှာရှိတဲ့အဖွဲ့အစည်းတွေ ကယ်ထုတ်နိုင်တဲ့သူတွေကကယ်ထုတ် ရှိတာလေးမျှစား၊ ကျွေးမွေးနေရပြီး တောထဲတောင်ထဲမှာ လက်နက်ကြီးမချနိုင်တဲ့နေရာ ဖိုက်တာမချနိုင်တဲ့နေရာမျိုးတွေ ရွေးချယ်ပြီး ကူညီကယ်ဆယ်ထားပါတယ်” ဟု အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များထဲတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများလည်း ပါဝင်သည့်အပြင် မိုးတွင်းကာလရောက်လာသည်နှင့်အမျှ အမိုးအကာ၊ ဆေးဝါး၊ ရိက္ခာ စသည်ဖြင့် လိုအပ်ချက်များစွာရှိနေပြီး အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် မေ ၂၀ ရက်နေ့မှ စတင်ကာ စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေအိမ်မီးရှို့ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ကျေးရွာပေါင်း ၃၀ ဝန်းကျင် စစ်ဘေးရှောင်တိမ်းနေရသည်။
ဓာတ်ပုံ – ပေးပို့