
မူဆယ်အဝေးပြေးကားဝန်းအတွင်း ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် ၃ ဦးသေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ၊ သိန်းသန်းချီအဝေးပြေးကားဝန်းအတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ ၃ အရှေ့တွင် ယနေ့ စက်တင်ဘာလ ၁၃ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံကသိရသည်။
ပစ်ခတ်မှုအတွင်း ကမ္ဘောဇဘဏ်ရှေ့လုံခြုံရေးချ ထားသည့် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။.
” ဘဏ်ရှေ့က ပြည်သူ့စစ်တွေပစ်သွားတာ၊ ၃ ယောက်သေတယ်။ ဘယ်ပြည်သူ့စစ်လည်းတော့မသိဘူး၊ မူဆယ်မှာကပြည်သူ့စစ်တွေကအများကြီး။ ခုနောက်ပိုင်းမူဆယ်မှာက ပြည်သူ့စစ်တွေက ပြသနာတွေတအားများတယ်” ဟု မူဆယ်မြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပစ်ခတ်မှုအတွင်း အရပ်သား ၁ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မူဆယ်မြို့အတွင်းဖွဲ့စည်းထားသည့် လက်နက်ကိုင် ပြည် သူ့စစ်များသည် စစ်အုပ်စုကဖွဲ့စည်းထားသည့်ပြည်သူ့ စစ်များမဟုတ်သော်လည်း စစ်ကောင်စီတပ်နှင့်ပူးပေါင်းဆောင်ရွက်နေသူများ ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
မူဆယ်မြို့သည် ရှမ်းပြည်မြောက်ပိုင်း နယ်စပ်မြို့တခုဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိကာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များလည်းမကြာ ခဏပစ်ခတ်ခံရပြီးသေဆုံးမှုများရှိကြောင်း ဒေသခံများထံကသိရသည်။
#AyeyarwaddyTimes