ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်

 

၁၉၈၈ အရေးတော်ပုံအတွင်း တော်လှန်ရေးနယ်မြေ၌ ထွက်ပေါ်ခဲ့ပြီး ယနေ့တိုင် အစဉ်အဆက် သီဆို နေသည့် တေးရေး၊တေးဆို ထူးအိမ်သင်၏ “အရေးကြီးပြီ” (သွေးသစ္စာ) တော်လှန်ရေးသီချင်းကို ရွေးတု အစိုးရစစ်တပ်က စာသားအနည်းငယ်ပြုပြင်၍ ၎င်းတို့ပိုင် သီချင်းဖြစ်သည်ဟုဆိုကာ ဗြောင်ကျကျ ခိုးယူဝါဒဖြန့် ထုတ်လွှင့်လာသည်။

 

အဆိုပါ “အရေးကြီးပြီ” သီချင်းကို ရွေးတုအစိုးရစစ်တပ်က “စစ်သားသွေးနီ ရှေ့သို့ချီ” ဟူသော ခေါင်းစဉ်ဖြင့် စာသားအချို့ကို ပြောင်းလဲကာ စစ်သွေးဇာနည် ဆိုသူက ရှေးယခင်ကတည်းက ရေးသား ခဲ့ခြင်းဖြစ်ကြောင်း လိမ်ညာဝါဒဖြန့်လာခြင်း ဖြစ်သည်။

 

အဆိုပါ သီချင်းကို ၁၉၆၀ ပြည့်နှစ်ဝန်းကျင်ကတည်းက ၎င်းတို့ ရေးသားခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ ကာတွန်းရုပ်များ ရေးဆွဲထားသည့် စာအုပ်ဟောင်းတစ်အုပ်ကို လူမှုကွန်ရက်ပေါ်တွင် သက်သေအဖြစ် ထုတ်ပြခဲ့သော်လည်း တိကျခိုင်မာသည့် သမိုင်းအထောက်အထား တစ်စုံတစ်ရာကို ပြသနိုင်ခြင်း မရှိပေ။

“ဇာနည်စစ်သွေး ဆိုတဲ့ နာမည်နဲ့ တေးရေး၊ တေးဆို လုံးဝ မကြားဖူးဘူး။ စစ်တပ်က သူတို့ခိုးယူမှုကို တရားဝင်အောင် လုပ်ကြံဖန်တီးထားတဲ့ နာမည်အတုပဲဖြစ်မယ်။ ထူးအိမ်သင် ကိုယ်တိုင် ရေးသားခဲ့ တာဖြစ်ကြောင်း ခိုင်မာတဲ့ သမိုင်းမှတ်တမ်းတွေ ရှိတယ်။ အဲ့ဒီသီချင်း စပ်ဆိုစဉ်က တောထဲမှာ အတူရှိခဲ့တဲ့ ရဲဘော်ဟောင်းတွေ၊ ကျောင်းသားတွေ အများကြီး ရှိသေးတာပဲ” ဟု ၈၈ အရေးအခင်းကို ကြုံတွေ့ခဲ့သူ အသက် ၆၀ အရွယ်ရှိ ကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

သီချင်းနောက်ခံသမိုင်းကြောင်းအရ “အရေးကြီးပြီ” သီချင်းသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော် ပုံကြီးတွင် တောခို၍ လွတ်မြောက်နယ်မြေ (နယ်စပ်ဒေသ) တွင် ထူးအိမ်သင်နှင့် မွန်းအောင်တို့ အတူ တကွ နေထိုင်စဉ်က ဖန်တီးခဲ့ကြခြင်းဖြစ်သည်။

 

ထူးအိမ်သင်က အဆိုပါ သီချင်းကို လွတ်မြောက်နယ်မြေတွင် ကိုယ်တိုင်ရေးသားပေးခဲ့ပြီး မွန်းအောင်က သီဆိုခဲ့ကာ ၁၉၉၂ ခုနှစ်တွင် “ငြိမ်းချမ်းရေးတိုက်ပွဲ” တေးစီးရီး၏ Side B တွင် ထည့်သွင်းဖြန့်ချိခဲ့သည့် သမိုင်းဝင် တော်လှန်ရေးတေးတစ်ပုဒ် ဖြစ်သည်။

အဆိုပါ သီချင်းကို ကိုယ်တိုင် ပါဝင်သီဆိုခဲ့ပြီး လက်ရှိ သက်ရှိထင်ရှားရှိနေသည့် မူရင်းအဆိုရှင် အဆိုတော်မွန်းအောင်က ရွေးတုအစိုးရစစ်တပ်၏ ဗြောင်ကျကျ ဉာဏပစ္စည်းခိုးယူမှုအပေါ် ၎င်း၏လူ မှုကွန်ရက် မှတစ်ဆင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုထားသည်။

 

“ကိုထူးအိမ်သင်ရေ ခင်ဗျားရဲ့ အနုပညာဟာ ဘယ်လောက်ကြောက်စရာ ကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင်မှ ယူသုံးပြီး အမြတ်ထုတ်ရပါသတဲ့။ သမိုင်းကို ဘယ်လောက်ပဲ အတု အယောင် ဓာတ်ပြားတွေ၊ စာအုပ်တွေနဲ့ လိမ်ညာဖို့ ကြိုးစားပါစေ၊ အနုပညာရှင်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်နဲ့ ကျွန်တော့်လို သက်ရှိထင်ရှား သမိုင်းသက်သေတွေ ရှိနေသရွေ့ အတုဟာ အစစ်ကို ဘယ်တော့မှ မကျော်နိုင်ပါဘူး” ဟု အဆိုတော်မွန်းအောင်က ဆိုသည်။

 

“အရေးကြီးပြီ” (သွေးသစ္စာ)သီချင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများအတွင်း ဇာတိမာန်တက်ကြွဖွယ် သီချင်းတစ်ပုဒ်အဖြစ် တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် ပြည်သူများက တခဲနက် ပြန်လည်အသုံးပြု ဟစ်ကြွေးလာခဲ့ကြသည်။

 

တိုင်းပြည်၏ သယံဇာတများကို နည်းမျိုးစုံဖြင့် ခိုးယူနေရုံတင်မကဘဲ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသည့် ခေါင်းဆောင်များကို မဲလိမ်မဲခိုးသည်ဟု စွပ်စွဲကာ အာဏာလုယူခဲ့သည့် စစ်အုပ်စုသည် ယခုအခါ ပြည်သူ့တော်လှန်ရေး၏ သမိုင်းဝင် ဉာဏပစ္စည်းများကိုပါ လက်ရဲဇက်ရဲ ခိုးယူသည့် အရှက်မဲ့ဗြောင်ကျသော လုပ်ရပ်ကို လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက ဝေဖန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်