မအူပင်မြို့တွင် စစ်ကောင်စီ သတင်းပေးများကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် အစားထိုးခန့်အပ်တာတွေ ရှိနေ

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(မအူပင်)၊ စက်တင်ဘာလ ၁၃ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက စစ်တပ်သတင်းပေးလုပ်သူ တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စစ်ကောင်စီကခိုင်းတာမလုပ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ပြီး စစ်ကောင်စီသတင်းပေးတွေကို အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်း အစားထိုးခန့်အပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ စစ်ကောင်စီကခိုင်းတာမလုပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ချိန်းတာ သူတို့ခိုင်းတာလုပ်တဲ့သူတွေကို အုပ်ချုပ် ရေးမှူးပြန်ခန့်တာ သူတို့လက်ထက်မှာခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုပဲ ဖြုတ်ပြီး အစားထိုးခန့်တာ”လို့ အုပ်ချုပ်ရေးမှူးဟောင်းတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အရပ်သားအစိုးရလက်ထက်က ခန့်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အာဏာသိမ်းပြီးလပိုင်းအကြာမှာ ဖြုတ်ပြီး စစ်တပ်ထောက်ခံသူတွေနဲ့အစားထိုးခန့်ထားတာဖြစ်ပေမယ့် စစ်တပ်သတင်းပေးတွေနဲ့ ထပ်မံအစားထိုးခန့်အပ်တာလို့ ဆိုပါတယ်။

မအူပင်မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ၇ ဦးကို စစ်ကောင်စီသတင်းပေးတွေနဲ့ အစားထိုး ခန့်အပ်ခဲ့သလို ကျေးရွာ ၈၈ အုပ်စုကိုလည်း စစ်ကောင်စီသတင်းပေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ခန့်အပ် ထားတယ်လို့ သိရပါတယ်။

#Ayeyarwaddy_Times