ဧရာဝတီတိုင်းမ်
မေ ၆ ရက်

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းရှိ သေဒဏ်ကျအကျဉ်းသားများတိုက်တွင် တန်းစီးချုပ်လုပ်ဆောင်နေသူက နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ညှဉ်းပမ်းပြီး ငွေညှစ်မှုများ ဗြောင်ကျကျလုပ်ဆောင်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စု ရွေးတုအစိုးရ လက်အောက်ခံ အကျဉ်းဦးစီးအာဏာပိုင်များ၏ အခွင့်အာဏာပေးထားမှုဖြင့် သေဒဏ်ကျအကျဉ်းသားများ သီးသန့်ထားရှိရာ (၂) တိုက်တွင် တန်းစီးချုပ်လုပ်နေသူ ကိုဦး ဆိုသူက နိုင်ငံရေးအကျဉ်းသားများကို ဆဲဆိုရိုင်းပျခြင်း၊ မိုက်ကြေးခွဲခြင်းနှင့် ငွေညှစ်ကာ မတရားဖိနှိပ်မှုများ လုပ်ဆောင်နေသည်ဟု ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

“ထောင်ရဲ့အာဏာရှိသူတွေက မျက်နှာသာပေးထားတော့ နိုင်ကျဉ်းတွေကို ပိုဖိနှိပ်ပြနေတာ။ ဆဲတယ်၊ ရိုက်တယ်။ ပိုက်ဆံတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး တောင်းတယ်၊ ငွေညှစ်တာတွေလုပ်တယ်” ဟု ထောင်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ထို့အပြင် သေဒဏ်တိုက်၏ အခန်း (၂၁) တွင် ကိုဦး ဦးဆောင်ပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။ အဆိုပါ အကျဉ်းသား ကိုဦးသည် အဆောင် (၄) တွင် တန်းစီးလုပ်ခဲ့စဉ်က ငလျင်ကာလ အလှူငွေဟုဆိုကာ အကျဉ်းသားများထံမှ ငွေလိမ်လည်ကောက်ယူခဲ့ခြင်းကြောင့် တန်းစီးရာထူးမှ ပြုတ်သွားခဲ့ဖူးသူ ဖြစ်သည်။

ယခုအခါ ၎င်းသည် သေဒဏ်ကျတိုက်တွင် တန်းစီးချုပ် ပြန်လည်ဖြစ်လာပြီး ရွေးတုအစိုးရ ၏ ထောင်အာဏာပိုင်များ၊ အဆောင်မှူးများနှင့် ထောင်ဦးစီးအရာရှိများအတွက် အဓိက ငွေကြေးရှာဖွေပေးနေသူဖြစ်ကြောင်း သိရသည်။

သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားများကို ကိုဦးက ငွေညှစ်နှိပ်စက်နေသည်ကို သိရှိသော်လည်း အာဏာသိမ်းစစ်အုပ်စု ၏ ထောင်တာဝန်ရှိသူများက လျစ်လျူရှုထားသည့်အပြင် အကာအကွယ်ပေးထားကြောင်းလည်း သတင်းရရှိသည်။