ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့အဖွဲ့ဟာ ဒီအပတ်ထဲမှာ အီရန်က ကမ်းလှမ်းလာတဲ့ နောက်ဆုံးအချက်တွေကို ဆွေးနွေးနေကြပါတယ်။

အီရန်က အရင်ဆုံး ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးပြီး ပိတ်ဆို့ထားတာတွေကို ဖယ်ရှားပေး မယ်ဆိုပေမဲ့ နျူကလီးယားကိစ္စ ဆွေးနွေးပွဲတွေကို ခေတ္တဆိုင်းငံ့ထားချင်တယ်လို့ အဆိုပြုထားတယ်လို့ သိရပါတယ်။

အမေရိကန် မီဒီယာတွေရဲ့ အဆိုအရတော့ ဒေါ်နယ်ထရမ့်ဟာ အီရန်ရဲ့ ဒီကမ်းလှမ်းချက်ကို လက် ခံဖို့ အစီအစဉ် လုံးဝမရှိဘူးလို့ ဆိုပါတယ်။

အမေရိကန် သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Axios က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြရာမှာ အီရန်က နျူ ကလီးယား သဘောတူညီချက်ကို လက်မခံမချင်း အမေရိကန်က ရေတပ်နဲ့ ပိတ်ဆို့ထားတာကို ဆက်လုပ် သွားမယ်လို့ ဆိုပါတယ်။ ရေတပ်နဲ့ ပိတ်ဆို့ထားတာဟာ ဗုံးကြဲတိုက်ခိုက်တာထက် ပိုပြီး ထိရောက်မှုရှိ တယ်လို့ ၎င်းက ယူဆနေတာပါ။

အမေရိကန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (Central Command) ဟာ အခုလို ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေတဲ့ ဆွေးနွေးပွဲတွေကို အဖြေတစ်ခုထွက်လာအောင် အီရန်အပေါ် ပြင်းထန်တဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အီရန်ဟာ သူတို့ကိုယ်သူတို့ ဘာလုပ်ရမှန်းမသိဖြစ်နေကြပြီး နျူကလီးယားကင်းစင်ရေး သဘော တူညီချက်ကို ဘယ်လို လက်မှတ်ထိုးရမလဲဆိုတာတောင် မသိကြဘူးလို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် မှာ ရေးသားခဲ့ပါတယ်။

အီရန်အနေနဲ့ အရှုံးပေးဖို့ လိုအပ်တယ်လို့ ၎င်းက သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အမေ ရိကန်အနေနဲ့ နောက်ထပ် ထိုးစစ်တွေဆင်ဖို့ လိုသလားလို့ မေးတဲ့အခါမှာတော့ ရှင်းရှင်းလင်းလင်း ပြန်မ ဖြေခဲ့ပါဘူး။

“ဒါကတော့ မသိသေးဘူး၊ အခြေအနေပေါ်မှာပဲ မူတည်တယ်။ လက်ရှိမှာ သူတို့နဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်၊ အရင်တုန်းကလို စာရွက်တစ်ရွက်ကြည့်ဖို့အတွက် ၁၈ နာရီကြာ လေယာဉ်စီးပြီး သွားစရာမ လိုတော့ဘူး၊ အခုက ဖုန်းနဲ့ပဲ ဆွေးနွေးနေကြတာ၊ အဆင်ပြေပါတယ်” လို့ သူက ဆိုပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ပင်လယ်ဓားပြဆန်တဲ့ လုပ်ရပ်နဲ့ လူမိုက်ဆန်တဲ့ လုပ်ရပ်လို့ အီရန်က ခေါ်ဆိုလိုက်ပြီး ဒီပိတ်ဆို့မှုကို လက်တွေ့ကျပြီး အရင်က မကြုံဖူးတဲ့ နည်းလမ်းမျိုးနဲ့ တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

အီရန်တပ်ဖွဲ့တွေအနေနဲ့ သံတမန်ရေးရာကို အခွင့်အရေးပေးတဲ့အနေနဲ့ အခုထက်ထိတော့ ထိန်း ထိန်းသိမ်းသိမ်း လုပ်နေတာဖြစ်တယ်လို့ အီရန်က ဆိုပါတယ်။

ကိုးကား – NHK
Ref; Trump won’t accept Iran offer without nuclear deal