ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
မြန်မာနိုင်ငံတွင် နာမည်ကြီးလူသုံးများသည့် အွန်လိုင်းဈေးဝယ်ပလက်ဖောင်းဖြစ်သော Shop သည် လာမည့် ဧပြီ ၂၉ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ်အထိသာ အော်ဒါများကို လက်ခံတော့မည်ဖြစ်ပြီး မကြာခင်တွင် လုပ်ငန်းများအားလုံး အပြီးတိုင်ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထား သည်။
ထိုသို့ အပြီးတိုင် ရပ်ဆိုင်းမည်ဖြစ်သော်လည်း လက်ရှိ မှာယူထားသည့် အော်ဒါများ၊ ပို့ဆောင်မှုများ၊ ပစ္စည်းပြန်လည်ပေးပို့မှုများနှင့် ငွေပေးချေမှုကိစ္စရပ်အားလုံးကို တာဝန်အပြည့်ယူကာ အပြီးသတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လုပ်ငန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းမှာ လွယ်ကူသည့် ဆုံးဖြတ်ချက်မဟုတ်ဘဲ ရုတ်တရက်ဆန်သည့် သတင်းဖြစ်ကြောင်းလည်း Shop ကုမ္ပဏီ က ဆိုထားသည်။
၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Shop.com.mm သည် Alibaba ၏ ကုမ္ပဏီခွဲဖြစ်သော Daraz Group ၏ လက်အောက်ခံ လုပ်ငန်းတစ်ခုဖြစ်ပြီး အင်တာနက် အသုံးပြုမှု ကျယ်ပြန့်လာချိန်၌ စတင်ခေတ်စားလာသည့် အွန်လိုင်းဈေးဝယ်စနစ်တွင် အောင်မြင်မှုရရှိခဲ့သော ပလက်ဖောင်းတစ်ခု ဖြစ်သည်။
Shop ကုမ္ပဏီအနေဖြင့် လုပ်ငန်းရပ်ဆိုင်းရသည့် အကြောင်းရင်းကို တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း လက်ရှိမြန်မာ့စီးပွားရေး အခြေအနေများကြောင့် ဖြစ်နိုင်ကြောင်း ပြည်တွင်း စီးပွားရေး လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။

“မြန်မာပြည် ဈေးကွက်က အရှုံးပေါ်နေလို့ ထွက်သွားတာ ဖြစ်ပါလိမ့်မယ်။ ငွေကြေးဖောင်းပွမှု ရှိသလို၊ အခုဆို စက်သုံးဆီကို စုံ/မ စနစ်၊ ခွဲတမ်းစနစ်နဲ့ ရောင်းနေရတော့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ အများကြီး ရှိနေတယ်။ ဒါဟာ မြန်မာပြည်မှာ နိုင်ငံတကာအဆင့်မီ e-commerce (အီလက်ထရောနစ် စီးပွားရေး) လုပ်ငန်းတွေ လာလုပ်လို့ မရဘူးဆိုတဲ့ သက်သေတစ်ခုကို ပြသွားတာပါပဲ” ဟု ၎င်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ shop app သည် မီးဖိုချောင်သုံးပစ္စည်းများကအစ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ မိုဘိုင်းဖုန်း အပါအဝင် လျှပ်စစ်ပစ္စည်းမျိုးစုံနှင့် အလှကုန်ပစ္စည်းအမျိုးအစားများစွာအထိ ရောင်းချပေးနေသည့် App တစ်ခု ဖြစ်ကြောင်း သုံးစွဲသူများထံမှ သိရသည်။
“အွန်လိုင်းဈေးဝယ် app တွေ စပေါ်တုန်းကတော့ ပစ္စည်းမကောင်းမှာ၊ လိမ်မှာ စိုးရိမ်ခဲ့ပေမဲ့ Shop ကတော့ ၂၀၁၉ ကတည်းက စိတ်ချလက်ချ သုံးခဲ့တာပါ။ လိုတာရှိရင် အဲဒီထဲမှာရှာလိုက်ရုံ။ အချို့ပစ္စည်းတွေဆို အပြင်ဈေးမှာက ပိုများတယ်။ app ထဲမှာ ဈေးတစ်ခါတည်းပါပြီးသား ဆိုတော့ ဝယ်ရ အဆင်ပြေတယ်။ အခု Shop လိုမျိုး ဈေးဝယ်လို့ကောင်းတဲ့ app မရှိသေးဘူး” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ပစ္စည်းမှာယူမှုများအတွက် ဈေးလျှော့ပေးခြင်းနှင့် သတ်မှတ်ပမာဏ ဝယ်ယူပါက အခမဲ့ ပို့ဆောင်ပေးခြင်း (Free Delivery) ဝန်ဆောင်မှုများဖြင့် နောက်ဆုံးရက်များကို အပြီးသတ် လုပ်ဆောင်နေကြောင်း သိရသည်။