“စစ်ကောင်စီတပ်တွေကို ဒရုန်းအုပ်စုလိုက်နဲ့ ဗုံးကြဲတိုက်ခိုက်သွားဖို့ ရှိတယ်။ အဲ့ကျရင် သူတို့ ဘယ်လိုသေလို့သေမှန်းတောင် မသိလိုက်ဘူး ဖြစ်သွားလိမ့်မယ်”(Federal Wings ဒရုန်းတပ်ဖွဲ့နှင့် ဆက်သွယ်မေးမြန်းချက်)

ဧရာဝတီတိုင်းမ်

စက်တင်ဘလ ၁၁ ရက်

နည်းပညာကျွမ်းကျင်သော Generation – Z လူငယ်များ ဦးဆောင်နေသည့် Federal Wimgs ဒရုန်းတပ်ဖွဲ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်များကို ဝေဟင်မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်တပ်ဖွဲ့တစ်ခုဖြစ်သည်။

တချိန်က မြို့ပြလမ်းမများပေါ်တွင် လက်နက်မပါ အကြမ်းမဖက် ဆန္ဒဖော်ထုတ်ခဲ့ကြသော Generation – Z လူငယ်များသည် စစ်တပ်၏အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းမှုကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ကြပြီး ၎င်းတို့ကျွမ်းကျင်သော အင်ဂျင်နီယာပညာရပ်ဖြင့် တိုက်ခိုက်ရေးဒရုန်းများ တီထွင်ကာ စစ်ကောင်စီကို အပြင်းအထန်

ခုခံတော်လှန်နေကြခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF တပ်များကို လေကြောင်းမှ ရဟတ်ယာဥ်များ၊ တိုက်လေယာဥ်များဖြင့် အသာစီးယူကာ ဗုံးကြဲတိုက်ခိုက်နေသည့်စစ်ကောင်စီတပ်များသည် Federal Wings ကဲ့သို့ ဒရုန်းတပ်ဖွဲ့များ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒရုန်းစစ်ဆင်ရေးများကို စိုးရိမ်ထိတ်လန့်နေရသည့်အခြေအနေသို့ ရောက်ရှိနေသည်။

ဒရုန်းတပ် ဖွဲ့စည်းရသည့်ရည်ရွယ်ချက်၊ တိုက်ခိုက်ရေးဒရုန်းများ တီထွင်ထုတ်လုပ်မှုအခြေအနေ၊ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့်အခြေအနေ၊ တော်လှန်ရေးအင်အားစုများထံ တိုက်ခိုက်ရေးဒရုန်း ဖြန့်ကျက်နေမှုအခြေအနေများကို Federal Wings ဒရုန်းတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးအား ဧရာဝတီတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က

ဆက်သွယ်မေးမြန်းထားပါသည်။

မေး – Federal Wings အဖွဲ့ကို ဘယ်တုန်းက စဖွဲ့ခဲ့သလဲ။ ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ဖြစ်သလဲ။

ဖြေ – ငြိမ်းချမ်းစွာဆန္ဒပြတာတွေ ရက်ရက်စက်စက်ဖြိုခွင်းတဲ့ စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်တော်လှန်မှဖြစ်မယ်လို့ အားလုံးကလက်ခံလာကြတဲ့အချိန်မှာ Federal Wings ရဲ့သန္ဓေ စပြီးတည်တယ်လို့ပြောရပါမယ်။

နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဖြစ်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးမှာ နည်းပညာနဲ့ ဘယ်လိုပါဝင်နိုင်မယ်ဆိုတာကိုဆန်းစစ်ကြရင်းကနေ ဒရုန်း (Drone) တွေ ထုတ်လုပ်ပြီး တိုက်ပွဲဝင်သူတွေကို ကူမယ်ဆိုပြီး စတင်ခဲ့ကြတယ်။ နောက်ပိုင်း NUG အစိုးရဖွဲ့ပြီးတဲ့အခါကျတော့ NUG ကိုလှူမယ်ဆိုပြီး စဖြစ်ခဲ့ကြတာပါ။

မေး – ဒရုန်း (Drone) တပ်ဖွဲ့ တည်ဆောက်လုပ်ကိုင်ဖို့ ဘယ်လိုစိတ်ကူးရခဲ့သလဲ။

ဖြေ – နည်းပညာနဲ့ လက်နက်ကိုင်တော်လှန်ရေးကို အားဖြည့်ပေးဖို့အတွက် အမျိုးမျိုးကြံစည်စဉ်းစားခဲ့ကြပါတယ်။ ပဲ့ထိန်းဒုံးတွေကနေစလို့ မောင်းပြန်သေနတ်တွေအထိ ထုတ်လုပ်နိုင်ဖို့ ကြံစည်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒရုန်း (Drone) ရဲ့ စစ်ရေးအရ လွယ်ကူအသုံးဝင်မှုတွေ အလွယ်တကူတည်ဆောက်နိုင်တာတွေ အသုံးပြုတဲ့ပစ္စည်းတွေ လွယ်လင့်တကူ

ရရှိနိုင်တဲ့အချက်တွေကြောင့် ဒရုန်း (Drone) တည်ဆောက်ရေးကို ဦးစားပေးဖြစ်ခဲ့တာပါ။

မေး – ဒရုန်းတွေ တည်ဆောက်ပြီး တပ်ဖွဲ့ ဖွဲ့စည်းတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ နည်းပညာ၊ စက်ကိရိယာနဲ့ ငွေကြေးပိုင်း အခက်အခဲတွေ ဘာတွေကြုံရလဲ ပြောပြပေးပါ။

ဖြေ – ပုံမှန်အချိန်အခါမျိုးမှာတည်ဆောက်ဖို့အတွက် ခက်ခဲတဲ့နည်းပညာတစ်ခု မဟုတ်ပေမယ့် လွတ်လွတ်လပ်လပ်ဆောင်ရွက်လို့မရတဲ့အခြေအနေမျိုးမှာ အစိမ်းသက်သက်စတင်ရပြီး စွန့်ဦးတည်ထွင်ရတဲ့ကိစ္စဖြစ်တာကြောင့် ကြပ်ကြပ်တည်းတည်းနဲ့စမ်းသပ်ရတဲ့ကိစ္စတွေ၊ ပစ္စည်းမှာယူရအဆင်မပြေတဲ့ကိစ္စတွေ ခက်ခက်ခဲခဲသယ်ယူပို့ဆောင်ရတဲ့ကိစ္စတွေ

အများကြီးကျော်ဖြတ်ခဲ့ကြရပါတယ်။ ပုံမှန်အချိန်ကာလဆိုရင် ၁ လ၊ ၂ လနဲ့ ပြီးစီးရမယ့်ကိစ္စမျိုးတွေမှာ လပေါင်းများစွာ ကြန့်ကြာခဲ့ရတာမျိုးတွေ ရှိပါတယ်။

တချို့ဒေသတွေမှာဆိုရင် ဒရုန်း (Drone) ပျံသန်းစမ်းသပ်မှုတစ်ခုကိုလုပ်ရဖို့အတွက် လနဲ့ချီပြီး စောင့်ဆိုင်းခဲ့ရတာမျိုးတွေရှိပါတယ်။ ငွေကြေးပိုင်းဆိုင်ရာကတော့ Federal Wings အဖွဲ့ဝင်တစ်ယောက်က အခုအချိန်အထိ အလုံးစုံစိုက်ထုတ်နေခဲ့တာမို့ ခက်ခဲမှုမရှိခဲ့ပါဘူး။

အခုအချိန်အထိ Federal Wings ရဲ့ ကုန်ကျမှုက ဒရူန်း (Drone) အတွက် သီးသန့်ဆိုရင် ဒေါ်လာ ၅ သိန်းကျော်ကုန်ကျမှုရှိပြီဖြစ်ပြီး Sniper တပ်ဖွဲ့တွေအတွက် လက်နက်တပ်ဆင်လေ့ကျင့်တာတွေမှာ ဒေါ်လာ ၃ သိန်းကျော်နဲ့ အခြားသော အထွေထွေကုန်ကျမှုအပါအဝင်ဆိုရင် စုစုပေါင်းဒေါ်လာ ၁ သန်းကျော်ပြီ ဖြစ်ပါတယ်။

မေး – လက်ရှိအခြေအနေကရော ဝေဟင်ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီကို ဘယ်လောက်အထိ တိုက်ခိုက် ချေမှုန်းနိုင်တဲ့ အနေအထား ရောက်ပြီလဲ။ ဘယ်လောက်အထိ မျှော်လင့်လို့ ရသလဲ။

ဖြေ – လက်ရှိအခြေအနေမှာတော့ ဒရုန်း (Drone) တပ်ဖွဲ့တွေဟာ မြေပြင်တပ်ဖွဲ့တွေကို အထောက်အကူကြီးကြီးမားမားပေးနိုင်တယ်ဆိုတာကို အားလုံးကလက်ခံကြရတဲ့အနေအထားပါ။ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့လည်း ဘယ်ခေတ်အခါကမှမကြုံဖူးတဲ့ ဝေဟင်တိုက်ခိုက်မှုတွေကို တွေ့ကြုံနေကြရပြီး ခြိမ်းခြောက်မှုတစ်ခုအဖြစ်

ကြောက်လန့်နေကြရပြီဖြစ်ပါတယ်။

ရှေ့တန်းစခန်းတွေတင်မကဘဲ နောက်တန်းစခန်းတွေ မဟာဗျူဟာမြောက်နေရာတွေအထိ ခြိမ်းခြောက်နိုင်တဲ့ ဒရုန်း (Drone) တိုက်ခိုက်မှုတွေအထိ သေချာပေါက် ကြုံတွေ့လာရပါလိမ့်မယ်။ လတ်တလောအနေနဲ့ဆိုရင် တချို့နေရာဒေသတွေမှာ စကစရဲ့ လက်နက်ကြီးစခန်းနေရာတွေကို တန်ပြန်ပစ်ခတ်နိုင်တဲ့အထိ မျှခြေတစ်ခုမှာ ဆိုင်ထားနိုင်ပါပြီ။

မေး – ကျနော်တို့သိသလောက် Federal Wings တပ်ဖွဲ့ရဲ့ ဒရုန်းတစ်စီးက ၈၁ မမ ဗုံးသီး ၂ လုံးအထိ သယ်နိုင်တယ် ပြောတယ်။ အဲဒီ ဗုံးသီးတွေနဲ့ တိုက်ခိုက်မှုက ဘယ်လောက်အထိ အဖျက်စွမ်းအားရှိလဲ။

ဖြေ – ၈၁ မမ ဗုံးသီး ၂ လုံးအထိသယ်နိုင်တယ်ဆိုတာက ပျမ်းမျှသယ်နိုင်အားကို ပြောတာပါ။ လိုအပ်တယ်ဆိုရင် ဒီထက်ပိုမိုပြီး သယ်ဆောင်နိုင်စွမ်းရှိတဲ့ ဒရုန်း (Drone) အမျိုးအစားတွေထုတ်လုပ်နိုင်ပါပြီ။ ထမ်းဆောင်ရတဲ့ Mission (တိုက်ခိုက်ရေးအစီအစဥ်) အပေါ်မူတည်ပြီး ချိန်ဆသုံးဆွဲနိုင်တဲ့ ဗုံးသီးတွေကို စမ်းသပ်နေပြီဖြစ်ပါတယ်။

နေ့ည ရာသီမရွေး တိုက်ခိုက်နိုင်ပြီး ပစ်မှတ်တိကျမှုနှုန်းများပြားခြင်းဟာ ဒရုန်း (Drone) ရဲ့ အဖျက်စွမ်းအားတစ်ခုလို့ ပြောရပါမယ်။ မြေပြင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ထောက်လှမ်းရေးအချက်အလက်တွေ အပြန်အလှန်ပေးပို့နိုင်တာတွေ အနီးကပ်ပူးပေါင်းစစ်ဆင်နိုင်တာတွေက စကစတပ်တွေကို ဒုက္ခအပေးနိုင်ဆုံးပါပဲ။ Federal Wings ရဲ့ Drone တွေဟာ

မြေပြင်ကပေးပို့လာတဲ့ မြေပုံညွှန်းတွေအတိုင်း အလိုအလျှောက်ပျံသန်းပြီး ဗုံးကြဲနိုင်တဲ့ အဆင့်မြင့်နည်းစနစ်တွေကိုပါ အသုံးပြုနိုင်ပါတယ်။

မေး – လက်ရှိအချိန်အထိ ဒရုန်းမစ်ရှင်ပေါင်း ဘယ်လောက်အထိ လုပ်နိုင်ခဲ့ပြီလဲ။ စစ်ကောင်စီတပ်သား ဘယ်လောက်ကို နှိမ်နင်းနိုင်ခဲ့တာရှိလဲ။

ဖြေ – Drone Mission (တိုက်ခိုက်ရေးစီမံကိန်း) စုစုပေါင်း ၁၀၀ ကျော် လုပ်ဆောင်နိုင်ခဲ့ပါပြီ။ စကစ အရာရှိ/တပ်သား ၅၀ ခန့် ကျဆုံးနဲ့ ဒါဏ်ရာရသူ အမြောက်အများ ရှိခဲ့ပါတယ်။

မေး – Federal Wings ဟာ ဒရုန်းအပြင် စနိုက်ပါတပ်ဖွဲ့ပါ ဖွဲ့စည်းထားတယ် ကြားတယ်။ အဲဒီအကြောင်း ရှင်းပြပါဦး။

ဖြေ – ကရင်နီဖက်ခြမ်းမှာ ဒေသခံတပ်ဖွဲ့တွေကို လေ့ကျင့်မှုနဲ့ လက်နက်တပ်ဆင်မှုတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ Sniper (စနိုက်ပါ) သင်တန်းဆင်းတပ်ဖွဲ့တွေဟာ သက်ဆိုင်ရာဒေသခံတပ်ဖွဲ့တွေနဲ့အတူ ကရင်နီတိုက်ပွဲတွေမှာပါဝင်ပြီး လက်သွေးနေကြတာဟာ အချိန်ကာလတစ်ခုရှိသွားပါပြီ။

မေး – Federal Wings က ဆောင်ရွက်တဲ့ ဒရုန်းမစ်ရှင်၊ စနိုက်ပါမစ်ရှင်တွေဟာ သီးခြား ကိုယ့်အဖွဲ့ အစီအစဉ်နဲ့ ဆောင်ရွက်တာလား၊ NUG (သို့မဟုတ်) EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ ဆောင်ရွက်တာပါလား။

ဖြေ – Federal Wings တပ်ဖွဲ့တွေရဲ့တည်ဆောက်ပုံက ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ဆိုတာမျိုးမဟုတ်ပါဘူး။ သက်ဆိုင်ရာဒေသတွေဆီကရှိပြီးသား EAO နဲ့ PDF တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးပြီး လိုအပ်တဲ့နည်းပညာနဲ့ လက်နက်ကိရိယာတပ်ဆင်ပေးတဲ့ပုံစံဖြစ်တာမို့ စစ်ရေးထိန်းချုပ်မှုမှန်သမျှဟာ သက်ဆိုင်ရာ EAO နဲ့ PDF တပ်ဖွဲ့တွေနဲ့သာ သက်ဆိုင်ပါတယ်။

Federal Wings ဟာ NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း ရဲ့လမ်းညွှန်မှုနဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နဲ့ပူးပေါင်းပြီး ငွေကြေးနဲ့ နည်းပညာစီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နေပါတယ်။ မြေပြင်လှုပ်ရှားမှုဟာ EAO / PDF တွေရဲ့လှုပ်ရှားမှုအတိုင်းဖြစ်ပြီး ထောက်ပံ့ရေးဆိုင်ရာစီမံခန့်ခွဲမှုဟာ MOCIT နဲ့ Federal Wings

တာဝန်ရှိသူတွေလို့ ပြောရပါမယ်။ အဖက်ဖက်က ပူးပေါင်းပါဝင်ထိန်းကျောင်းတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်နေပါတယ်။

မေး – NUG အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်မှုရှိသလား။ အဲ့အခြေအနေလည်း သိလိုပါတယ်။

ဖြေ – ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေပါတယ်။

မေး – တိုက်ခိုက်ရေးဒရုန်းတွေကို အခြားသော ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်နီ PDF တပ်တွေဆီ ဖြန့်ကျက်ပေးမှုရော ရှိသလား။

ဖြေ – မဟာဗျူဟာအရ အရေးပါတဲ့နေရာဒေသအားလုံးဆီကို ဖြန့်ကျက်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အင်အားကောင်းကောင်းနဲ့ဖြန့်ကျက်နိုင်ဖို့ကတော့ Federal Wings တစ်ခုထဲရဲ့ ငွေကြေးအင်အားနဲ့ မဖြစ်နိုင်ပါဘူး။ ပြည်သူ့အားကို ကိုးမှပဲဖြစ်နိုင်ပါမယ်။

မေး – စစ်ကောင်စီ ရှေ့တန်းစခန်းနဲ့ နောက်တန်းအထိုင်တပ်တွေကို ဒရုန်းတပ်ဖွဲ့နဲ့ အုပ်စုလိုက် ဗုံးကြဲ တိုက်ခိုက်သွားဖို့ရော အစီအစဉ်ရှိလား။

ဖြေ – အဲ့ဒါတွေကတော့ Federal Wings တပ်ဖွဲ့တွေရှိနေတဲ့ဒေသတွေမှာ လုပ်ရိုးလုပ်စဉ်သဘောမျိုး ဖြစ်နေပါပြီ။

ကျနော်တို့က စစ်ကောင်စီနောက်တန်းစခန်းဆီ၊ တပ်ရင်းတပ်ဖွဲ့တွေဆီ ဒရူန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့နေရာမှာ အိမ်ထောင်သည်လိုင်းခန်းတွေကို ရှောင်တယ်။ ကင်းစခန်း၊ ဂိတ်စခန်း၊ လက်နက်တိုက်လိုဟာမျိုးတွေကို အဓိကထား တိုက်ခိုက်ပါတယ်။

နောင်ကိုလည်း ဒရုန်းအုပ်စုလိုက်တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဗုံးကြဲသွားဖို့ရိတယ်။ ညဘက်မှာ လုပ်တဲ့မစ်ရှင်တွေဆိုရင်တော့ စစ်ကောင်စီတပ်သားတွေ ဘယ်လိုသေလို့ သေမှန်းတောင် မသိလိုက်တာမျိုးတွေ ဖြစ်သွားမှာပါ။

မေး -စစ်ကောင်စီဘက်ကတော့ PDF ဒရုန်းတွေက ကလေးကစားစရာလောက်ပဲရှိတယ်ဆိုပြီး နှိမ့်ချပြောဆိုတာတွေ ရှိတယ်။ Federal Wings က ဘာများတုန့်ပြန်ပြောဆိုလိုတာ ရှိသလဲ။

ဖြေ – ဒီလိုနှိမ့်ချပြောဆိုနေတယ်ဆိုတာကိုက ထိရောက်မှုရှိလို့ပါပဲ။ Drone တပ်ဖွဲ့တွေကြီးစိုးတဲ့နေရာဒေသတွေဆီက စကစတပ်ဖွဲ့တွေရဲ့ တကယ့်အသံကို နားထောင်ကြည့်ရင် စစ်ကောင်စီလူကြီးပိုင်းကပြောဆိုတာတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်ဆိုတာ တွေ့မြင်ရပါလိမ့်မယ်။ ဒါက လိမ်လည်လို့ရနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။

အလင်းဝင်လာတဲ့ စကစတပ်သားတွေရဲ့ ဒရုန်းတိုက်ခိုက်မှုအပေါ်မှာ ပေးတဲ့မှတ်ချက်တွေကိုပဲ နားထောင်ကြည့်ရင် အခြေအနေမှန်ကိုသိနိုင်ပါလိမ့်မယ်။ စကစဟာ သူ့တပ်သားတွေကို လိမ်လည်လှည့်ဖျားပြီး တိုက်ပွဲဝင်ခိုင်းနေရတဲ့အခြေအနေပါ။

မေး – ဖြည့်စွက်ပြောလိုတာ ပြောပေးပါ။

ဖြေ – Federal Wings ရဲ့ Drone တွေကို နေရာအနှံ့မှာ တပ်ဖြန့်ထားနိုင်ဖို့နဲ့ မဟာဗျူဟာမြောက် စစ်ဆင်ရေးကြီးတွေမှာ အင်အားကောင်းကောင်းနဲ့အသုံးပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ Federal Wings က ကိုယ်တိုင်စိုက်ထုတ်နိုင်တဲ့ငွေကြေးပမာဏနဲ့ မလုံလောက်နိုင်တော့တဲ့ တပ်ဖြန့်အင်အားအတွက် ပြည်သူလူထုကိုပဲ အားကိုးရတော့မှာတွေ ရှိလာနေပါပြီ။ MOCIT

က ဦးစီးပြီးဆောင်ရွက်မယ့် Fundraising Project မှာ ပါဝင်ပေးကြဖို့ ကြိုတင်နှိုးဆော်ချင်ပါတယ်။

#FederalWings #Drone #ဒရုန်း #Ayeyarwaddy_Times