
မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ရက်
ယနေ့ စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၇)နာရီမှစ၍ မိုးဗြဲမြို့ ၊ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး (၄)ရက်တိုင်တိုင် တပ်စွဲရန်ကြိုးစားနေသော စစ်ကောင်စီတပ်များအား KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။
တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်ဖွဲ့များအား ပိတ်ဆို့ကာ ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဖက်မှ (၂၀)ဦးကျော် သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ပြီး ပူးပေါင်းတပ်ဖက်မှ ဖယ်ခုံ PDF ရဲဘော် ရီရယ် အပါအဝင် ရဲဘော် (၂)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း ရဲရင့်စွာကျဆုံးသွားသော ဖယ်ခုံ PDF မှာ ရဲဘော် ရီရယ် အပါအဝင် ရဲဘော် (၂)ဦးအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှ လေးစားအသိအမှတ်ပြုကြောင်း KNDF က ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များအား ကောက်ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်အချို့ ကိုင်ဆောင်ခဲ့သော လက်နက်များထဲမှ MA-1 သေနတ် (၁)လတ် ၊ MA-3 သေနတ် (၂)လက် ၊ RPG သီးများ ၊ (၆၀)မမအသီများ ၊ ဆက်သွယ်ရေး အထိုင်စက် (၁)လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းရခဲ့ကြောင်း
သိရသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီမှ တစ်နေကုန်နီးပါး လက်နက်ကြီးများကို အလွန်အကျွံအသုံးပြုပစ်ခက်ခဲ့သလို ညနေပိုင်းတွင်လည်း တိုက်လေယာဥ် ဖြင့် (၂) ကြိမ်တိတိ လာရောက်ပစ်ခက်ခဲ့ပြီး ပြည်သူလူထု နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
မိုးဗြဲမြို့တွင် စက်တင်ဘာလ (၈)ရက်နေ့စ၍ ယနေ့ထိ (၄) ရက်တိုင်တိုင် စစ်ကောင်စီနှင့် မိမိတို့ ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ကြသေးရန် ပြည်သူများအား တိုက်တွန်းထားသည်။
#မိုးဗြဲ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #ကျဆုံး
#Ayeyarwaddy_Times