ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်

 

တိုက်ပွဲများ ပြင်းထန်နေသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် (ဥသျှစ်ပင်) အတွင်းရှိ တပ်ရင်းများမှ ထွက်ပြေးသည့် စစ်သည်များကို စစ်ကော်မရှင်က ပြန်လည်ဖမ်းဆီးကာ မျက်နှာပေါ်တွင် တက်တူးများထိုး၍ နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ပန်းတောင်းမြို့နယ်ရှိ ခမရ (၃၆၂)၊ ခမရ (၃၆၉) နှင့် ခမရ (၃၆၆) တို့မှ ထွက်ပြေးသည့် စစ်မှုထမ်း တပ်သားသစ်များကို စစ်ကော်မရှင်က လိုက်လံဖမ်းဆီးပြီးနောက် ဖမ်းဆီးရမိသူများ၏ ပါးပေါ်တွင် “တပ်ပြေး” စာသားနှင့် နဖူးပေါ်တွင် တပ်ရင်းနံပါတ်များကို အတင်းအကျပ် တက်တူးထိုးပေးကာ ထွက်ပြေး၍ မလွတ်မြောက်နိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။

စကခ (၁၀) ဗျူဟာမှူး၏ ညွှန်ကြားချက်ဖြင့် ထွက်ပြေးတပ်သားများကို မျက်နှာတွင် တက်တူးထိုး ခြင်းအပြင် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ကာ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ပြုလုပ်နေ ကြောင်း ယမန်နေ့ ဧပြီ ၁၁ ရက်တွင် အာရက္ခတပ်တော် (AA) ထံ အလင်းဝင်ရောက်လာသည့် ပြည်သူ့စစ်မှုထမ်း (ပစ) များ၏ ထွက်ဆိုချက်အရ သိရသည်။

 

“အလုပ်လုပ်ပြီး ပြန်လာတဲ့ လူငယ်တွေကို မတရားဖမ်းဆီး ပေါ်တာဆွဲပြီး စစ်တပ်ထဲ ထည့်လိုက် တာတွေ အများကြီးပဲ။ တချို့ဆိုရင်လည်း လူငယ်တွေကို အုပ်စုဖွဲ့ဖမ်းပြီး စစ်ဆေးစရာရှိတယ်ဆိုကာ WY ဆေးပြားတွေနဲ့ ထောင်ချောက်ဆင်ပြီး စစ်သင်တန်းပို့ခံရတာတွေလည်း ပါတယ်” ဟု အလင်းဝင်လာသူတစ်ဦးကဆိုသည်။

 

လက်ရှိတွင် စစ်ကော်မရှင်သည် ရှေ့တန်းတိုက်ပွဲများ၌ လူအင်အားပြုန်းတီးမှု ဒဏ်ကို ခံစားနေရသဖြင့် စစ်မှု ထမ်းလူငယ်များကို နည်းမျိုးစုံဖြင့် ဖိအားပေးခြင်း၊ အသေခံအဖြစ်ရှေ့ဆုံးမှထားစစ်ကြောင်းထိုးစေခြင်း၊ ထွက်ပြေးပါကသေသည်အထိပစ်ခတ်ဖမ်းဆီးခြင်း၊ ညှဉ်းပန်းခြင်းနှင့် လူမဆန်သော ပြစ်ဒဏ်များပေးခြင်းဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထံမှသိရသည်။

 

ဓာတ်ပုံ-AA Info Desk