ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်

 

စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မခေါ်ဆောင်ခံရသည့် စစ်မှုထမ်းအမှတ်စဉ်(၁) မှ စစ်မှုထမ်းများ တာဝန်ပြီးဆုံး၍ နေရပ်ပြန်ခွင့်ရရှိရာတွင် ရန်ကုန်တိုင်းအတွင်းမှ လူငယ် ၉၁ ဦးသာ အိမ်ပြန်ရောက်ရှိကြောင်း Rangoon Scout Network နှင့် မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကော်မရှင်သည် စစ်မှုထမ်းအမှတ်စဉ် (၁) မှ စစ်သည်များကို တာဝန်ပြီးဆုံးကြောင်း လက်မှတ်များ၊ ထောက်ပံ့ပစ္စည်းများနှင့် ဆုငွေများ ပေးအပ်ကာ နေရပ်ပြန်ခွင့်ပြုလိုက်ကြောင်း ယမန်နေ့ ဧပြီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှတ်စဉ် (၁) ကို အောင်မြင်စွာ ပြီးမြောက်သူ ၃၈၅ ဦး ရှိသည်ဟု ဆိုသော်လည်း မြေပြင်တွင် အမှန်တကယ် အိမ်ပြန်ရောက်လာသူ အရေအတွက်မှာ များစွာ လျော့နည်းနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီးမြို့နယ် (တတက-၁ ဂျိုးဖြူ) နှင့် လှည်းကူးမြို့နယ် (စခတ-၁ ဖောင်ကြီး) တို့တွင် ၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်းမှ လူငယ် ၆၀၀ ခန့် ပါဝင်ခဲ့သည်။

 

အဆိုပါစစ်သင်တန်းတွင် ကော့မှူးမြို့နယ်တစ်ခုတွင်းမှပင် လူငယ် ၁၅၀ ခန့် ပါဝင်ခဲ့သော်လည်း ရန်ကုန်တိုင်းမှ လူငယ် ၉၁ ဦးကိုသာ စစ်မှုထမ်းပြီးဆုံးကြောင်း လက်မှတ်ပေးအပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

အလားတူ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင်လည်း ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့က စစ်မှုထမ်း အမှတ်စဉ် (၁) မှ တာဝန်ပြီးဆုံးသည့် စစ်သည်များကို ဂုဏ်ပြုဆုငွေနှင့် လက်မှတ်များပေးအပ်ပွဲကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၌ ပြုလုပ်ခဲ့ပြီး စစ်ကော်မရှင်ခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး တက်ရောက်ခဲ့သည်။

 

သို့သော် အဆိုပါသင်တန်းဆင်းများအနက် တိုက်ပွဲပြင်းထန်ရာ ရခိုင်နှင့် ရခိုင်အစပ်နယ်မြေများသို့ ပို့ဆောင်ခံရပြီး သေဆုံး/ပျောက်ဆုံးသွားသည့် လူငယ်များ၏ အခြေအနေကိုမူ စစ်ကော်မရှင်ဘက်က ထိမ်ချန်ထားဆဲဖြစ်သည်။

 

စစ်ကော်မရှင်သည် စစ်မှုထမ်းသင်တန်းများကို အပတ်စဉ် ၂၃ အထိ ဆက်တိုက်ဖွင့်လှစ်ထားပြီး လူငယ်ပေါင်း ၅,၀၀၀ ကျော်ကို စုဆောင်းထားသော်လည်း၊ တိုက်ပွဲများအတွင်း အင်အားပြုန်းတီး မှုများကြောင့် သင်တန် းဆင်းများအနက် အနည်းငယ်သာ လူလုံးပြနိုင်ကာ လူငယ် ၄,၀၀၀ ကျော်မှာ စာရင်းပျောက်ဆုံးလျက်ရှိကြောင်း Rangoon Scout Network က ဆိုသည်။

 

ပုံစာ-အမှတ်စဉ်(၁) ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ တက်ရောက်ခဲ့ရသည့် လူငယ်များ၊