ဖလမ်းမြို့နယ်အတွင်း ပိုးကျသဖြင့် လယ်ဧက ၁၀၀ ကျော် ပျက်စီး၊ စားနပ်ရိက္ခာ ပြတ်လပ်မည်ကို ဒေသခံများစိုးရိမ်နေ

အေးစီ/ ဧရာဝတီတိုင်းမ်

(ဖလမ်း) စက်တင်ဘာလ ၁၁ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကျေးရွာများတွင် လယ်ယာမြေများ၌ စပါးဖျက်ပိုးများ ကျရောက်ခဲ့သဖြင့် လယ်ယာမြေဧက ၁၀၀ ကျော် ပျက်စီးကာ လယ်သမားများ အခက်အခဲကြုံတွေ့ နေကြောင်း သတင်းရရှိသည်။

ဖလမ်းမြို့နယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထိစပ်နေသည့် တီအိုချောင်းနှင့် သီးဖိုင်ချောင်းဘေးရှိ ဆားဒေါင်ရွာနှင့် လိန်းလယ်ရွာတို့တွင် တောင်သူလယ်သမားများစိုက်ပျိုးထားသည့် စပါးခင်းဧက ၁၀၀ ကျော်တွင် စပါးဖျက်ပိုးများကျရောက်ကာ စပါးခင်းများ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“တချို့စပါးခင်းတွေက ပိုးကျလို့သေသွားတယ်။ တချို့ကျတော့ ပိုးကျတာလည်း မဟုတ်ဘူး၊ မိုးရေမရလို့လား ဘာကြောင့်လဲတော့ မသိဘူး။ စပါးပင်တွေက ဝါပြီးတော့ ကြီးထွားမလာတော့ဘူး။ ပုံမှန်ဆိုရင် ဒီအချိန်က စပါးပင်တွေကနေ အသီးတွေသီးရမယ့်အချိန်ဖြစ်နေပြီ။ ဒီနှစ်ကတော့ ရိတ်စရာတောင် မရှိတော့လောက်အောင် ဖြစ်နေပြီ”ဟု လိန်းလယ်ရွာမှ

ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လိန်းလယ်ရွာနှင့် ဆားဒေါင်ရွာတွင် လယ်ဧက ၁၈၀ ကျော်ရှိသည့်အနက် ၃ ပုံ ၁ ပုံပမာဏဖြစ်သည့် လယ်ဧက ၁၂၀ ကျော် ပျက်စီးခဲ့ပြီး ကျန်ရှိလယ်ယာမြေများမှာလည်း အထွက်နှုန်းများ လျော့နည်းဖို့ရှိနေကြောင်း တောင်သူလယ်သမားများက ပြောသည်။

ဖလမ်းမြို့နယ်တွင် ယခုလို လယ်ယာမြေများ ပိုးကျပျက်စီးခြင်းနှင့် စပါးပင်များ အဝါရောင်ပြောင်း၍ အသီး မသီးတော့သည့်ဖြစ်စဉ်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။ ဆင်းရဲမွဲတေမှု များပြားသည့် တောင်ပေါ် ဒေသ၌ ယခုလို လယ်ယာမြေများ ပျက်စီးခြင်းကြောင့် ကျေးရွာများတွင် စားနပ်ရိက္ခာရှားပါးမည်ကို ဒေသခံများ စိုးရိမ် နေကြသည်။

“ကျွန်မတို့ လယ်သမားတွေက ပိုးသတ်ဆေးတွေဘာတွေ ဘယ်လိုဝယ်သုံးရမှန်းလည်း မသိကြဘူး။ အရင်က တခါမှ မဖြစ်ဘူးလို့လေ။ အခုကတော့ စပါးတင်း ၂၀၀ လောက်ရနေကျလူက ဒီနှစ်ဆို ၂ တင်းလောက်ပဲ ရတော့မယ်။ အခုက ဆန်ဈေးကလည်းကြီးတော့ အခုလို လယ်တွေပျက်တော့ စားနပ်ရိက္ခာတွေ ရှားပါးမှာကို စိုးရိမ်နေကြတယ်”ဟု ဆားဒေါင်ရွာမှ

ဒေသခံတောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

ချင်းပြည်နယ် (မြောက်ပိုင်း) ရှိ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ တွန်ဇံစသည့်ဒေသများတွင် လှေကားထစ် တောင်ယာများ၊ မြေပြန့်သောနေရာများတွင် လယ်ယာမြေများ ခုတ်ထွင်ရှင်းလင်း၍ တောင်ယာ စပါးစိုက်ပျိုးမှုများပြုလုပ်ကာ ဒေသတွင်းစားသုံးရန် စပါးများ စိုက်ပျိုးလေ့ရှိကြသည်။

#ဖလမ်း #စပါး #ပိုးကျပျက်စီး #Ayeyarwaddy_Times