ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
ရန်ကုန်မြို့အပါအဝင် မြို့နယ်အသီးသီးတွင် စားအုန်းဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အခြေခံလူတန်း စားများအတွက် ရောင်းချပေးနေသည့် ဆီဝယ်ယူခွင့်ခွဲတမ်းမှာလည်း တစ်အိမ်ထောင်လျှင် ၃၅ ကျပ်သားသာ ရရှိတော့ကြောင်း သိရသည်။
ယခုတစ်ပတ် ဧပြီ ၃ ရက်မှ ၉ ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၆၈၀ ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ပြင်ပပေါက်ဈေးမှာမူ ယင်းဈေးထက် ၃ ဆခန့် မြင့်တက်နေခြင်း ဖြစ်သည်။
“အရင်က ပုံမှန်ထုတ်ပေးနေတဲ့ ခွဲတမ်း ၅၀ ကျပ်သားကနေ အခု ၃၅ ကျပ်သားကို လျှော့လိုက်တာ။ ဆီရဖို့က တော်တော်ခက်ခဲနေပြီ” ဟု ရန်ကုန်တိုင်း၊ တွံတေးမြို့တွင် နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

တွံတေးမြို့အပါအဝင် နယ်မြို့အချို့တွင် စားအုန်းဆီရှားပါးပြတ်လပ်နေပြီး ပြင်ပပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။
စစ်ကော်မရှင်သည် စက်သုံးဆီကိုခွဲတမ်းဖြင့်ရောင်းချရာတွင် ရန်ကုန်၌ အိမ်ထောင်တစ်စုအတွက် တစ်လစာ နှစ်ပိဿာရရှိပြီး နယ်မြို့များတွင် တစ်လစာ တစ်ပိဿာရရှိရာမှ ယခုအချိန်တွင် ဆီခွဲတမ်း ထပ်မံလျော့ကျသွားပြီး တစ်ခါထုတ်လျှင် ၅၀ ကျပ်သားအစား ၃၅ ကျပ်သားသာ ရရှိတော့ခြင်း ဖြစ်သည်။
အလားတူ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင်လည်း စားအုန်းဆီပြတ်လပ်နေသည်မှာ တစ်လခန့်ရှိပြီ ဖြစ်ကာ နောက်ဆုံးဝယ်ယူခဲ့ရသည့်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၂,၀၀၀ အထိ ရှိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင်မူ အိမ်အရောက်ပို့စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် နှစ်ပိဿာအထိ ဝယ်ယူနိုင် သော်လည်း ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၂၂,၈၀၀ ဈေးဖြစ်သွားသဖြင့် ယခင်အပတ်ထက် တစ်ထောင်ကျပ်ခန့် ထပ်မံဈေးတက်သွားကြောင်း သိရသည်။
ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကြောင့် နိုင်ငံခြားငွေများစွာ အသုံးပြု၍ နှစ်စဉ်တင်သွင်းနေရသဖြင့် ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးရန် စစ်ခေါင်းဆောင်က မကြာခဏ ပြောကြားလေ့ရှိသော်လည်း မြေပြင်တွင်မူ ဆီဈေးနှုန်းမှာ အဆမတန် မြင့်တက်နေကာ အခြေခံလူတန်းစားများအတွက် ဟင်းချက် ရန်ပင် မလောက်ငှသည့် ခွဲတမ်းစနစ်နှင့် ရုန်းကန်နေရသည်။
ဓာတ်ပုံ – စီးပွားကူးသန်း