ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

 

အာဏာသိမ်းစစ်ကော်မရှင်က ၎င်းတို့၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင် ခုနှစ် ဦး လက်နက်ခဲယမ်းများနှင့်အတူ စစ်တပ်ထံအလင်းဝင်လာကြောင်း ၎င်းတို့ပိုင်မီဒီယာများကတဆင့် ဝါဒဖြန့်ပြော‌ဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

 

စစ်ကော်မရှင်က ဝါဒဖြန့်ပြောဆိုနေသည့်အလင်းဝင်လာသူများတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ တစ်ဦး၊ အင်္ဂပူမြို့မှတစ်ဦးပါဝင်ပြီး တနင်္သာရီတိုင်းဒေကြီး ထားဝယ်မြို့မှ နှစ်ဦး၊ တနင်္သာရီမြို့မှ နှစ် ဦးနှင့် ဘုတ်ပြင်းမြို့မှ တစ်ဦး ပါဝင်သည်ဟုဆိုသည်။

 

အလင်းဝင်လာသည့် PDF အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ခြောက် ဦးကို စစ်ကော်မရှင်က မတ် ၃၁ ရက်နေ့တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနအတွင်း၌ လက်ခံကြိုဆိုပွဲ ပြုလုပ်ခဲ့ပြီး မည်သည့်တော်လှန်ရေးတပ်ဖွဲ့မှ အလင်းဝင်လာခြင်းဖြစ်ကြောင်းကိုမူ စစ်ကော်မရှင်က ထုတ်ပြန်ပြောဆိုခြင်းမပြုပေ။

“ဘက်ပြောင်းသစ္စာဖောက်မရှိရှိတာလေးနဲ့ တွေ့ကရာလူပေါင်းထည့်ပြီး ရှာကြံလုပ်ပြနေတာပါ အလင်းဝင်တိုင်းသာ ပွဲလုပ်ရကြေးဆိုရင် တော်လှန်ရေးဘက်မှာ နေ့တိုင်းပွဲလုပ်နေရမယ်” ဟု ပြည်သူ့ရင်ခွင်အဖွဲ့အစည်းမှာ စီဒီအမ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်သည် ၎င်းတို့လက်ဝေခံမီဒီယာများမှတဆင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်ကြောင်းကို နေ့စဉ်နီးပါး ထည့်သွင်းဖော်ပြ‌ကာ ဝါဒဖြန့်ခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

 

စစ်ကော်မရှင်သည် ပြီးခဲ့သည့်မတ်လအတွင်းကလည်း စစ်မှုထမ်းရန်ပေါ်တာဆွဲခံရသည့်လူငယ်များ၊ ဖမ်းဆီးခံထားရသည့် PDFများနှင့် စစ်တပ်မိသားစုဝင်များကို အသုံးပြု၍ မန္တလးတိုင်းအတွင်းရှိ PDF ၅၀၀ ကျော်မှာ လက်နက်နှင့်တကွအလင်းဝင်လာသည်ဟုဆိုကာ လိမ်လည်ဝါဒဖြန့်မှု ပြုလုပ်ခဲ့သည်။

 

ဓာတ်ပုံ – စစ်ကော်မရှင်