ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
စက်သုံးဆီရရှိမှု အခက်အခဲနှင့် ဆီဈေးနှုန်းမြင့်တက်မှုကို အကြောင်းပြချက်ဖြင့် မြန်မာပြည်အနှံ့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ၏ ခရီးသွားလက်မှတ်ဈေးနှုန်းများမှာ နှစ်ဆကျော်အထိ မြင့်တက်သွားကြောင်း သိရသည်။
လာမည့် သင်္ကြန်ရုံးပိတ်ရက်ရှည်တွင် မိမိတို့ မြို့ရွာဇာတိရှိ မိဘရပ်ထံပြန်ကြမည့် ကုမ္ပဏီဝန်ထမ်းများ နှင့် အစိုး ရဝန်ထမ်းများမှာ ယခင်ကထက် များစွာပိုမိုသည့် ကားခနှုန်းထားများကို ပေးဆောင်နေရသဖြင့် ခရီးသွားလာရေးအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။
ရန်ကုန်မှ နေပြည်တော်သို့ သွားမည့် ကားလက်မှတ်ဈေးနှုန်းမှာ ယခင်က ကျပ် ၂၅,၀၀၀ သာ ရှိခဲ့သော်လည်း ယခုအခါ ရိုးရိုးလက်မှတ်ကို ကျပ် ၆၅,၀၀၀ နှင့် အထူးလက်မှတ်ကို ကျပ် ၈၀,၀၀၀ အထိ ပေးဆောင်နေရသည်။

ထို့အတူ ရန်ကုန်မှ မန္တလေးနှင့် ပြင်ဦးလွင် ခရီးစဉ်များမှာလည်း ယခင်က ကျပ် ၃၃,၀၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုအခါ ရိုးရိုးလက်မှတ် ကျပ် ၈၀,၀၀၀ နှင့် အထူးလက်မှတ်ကို ကျပ် ၁၁၀,၀၀၀ အထိ ဈေးနှုန်းများ မြင့်တက်သွားကြောင်း စုံစမ်းသိရှိရသည်။
“အရင်က နှစ်သောင်းကျော်၊ သုံးသောင်းဝန်းကျင်ပဲ ရှိတဲ့ခရီးစဉ်တွေက အခု ခြောက်သောင်း၊ ခုနစ်သောင်း အထိ ဖြစ်ကုန်ပြီ။ မိသားစုလိုက် ပြန်မယ့်သူတွေဆိုရင် ကားခတင် သိန်းဂဏန်းလောက် ကုန်မှာ။ ဈေးတက်တာတင် မဟုတ်ဘူး၊ လက်မှတ်ကလည်း ဝယ်ရခက်နေတော့ တကယ်ကို ဒုက္ခရောက်ကြရတယ်” ဟု နေရပ်ပြန်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ယာဉ်လိုင်းအချို့ကမူ စက်သုံးဆီဈေး ထပ်မံမြင့်တက်လာပါက ခရီးစဉ်များ ရပ်နားခြင်း သို့မဟုတ် ဈေးနှုန်းထပ်မံပြောင်းလဲခြင်းများ ပြုလုပ်နိုင်ကြောင်း ကြိုတင်ကြေညာထားပြီး ခရီးစဉ်မထွက်ဖြစ်ပါက လက်မှတ်ခများ ပြန်ပေးမည်ဟု ဆိုထားသည်။

လက်ရှိတွင် နာမည်ကြီးယာဉ်လိုင်းများ၏ အွန်လိုင်းလက်မှတ်ဝယ်ယူမှုစနစ်များ၌ ခရီးစဉ်များမှာ မိနစ်ပိုင်းအတွင်း လက်မှတ်ကုန်စင်သွားလေ့ရှိပြီး မန္တလေး၊ ပြင်ဦးလွင်နှင့် ပုဂံခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူရန် အလွန်ခက်ခဲနေကြောင်း ယာဉ်လိုင်းလက်မှတ်ရောင်းသူတစ်ဦးက ဆိုသည်။
စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက အဝေးပြေးဘတ်စ်ကားများကို သတ်မှတ် စက်သုံးဆီ ပမာဏအတိုင်း Scan ဖတ်၍ ဝယ်ယူခွင့်ပြုထားကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တွင်မူ ဆီဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခရီးသွားပြည်သူများကသာ ခါးစည်းခံနေရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်